ပြည်သူ့အစိုးရ ပြန်လည်တာဝန်ယူသည့်အချိန်တွင် CDM ပါဝင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၏ မူလအလုပ်တာဝန်တည်မြဲရေး၊ နစ်နာမှုများ ပြန်လည်ကုစားနိုင်ရေးနှင့် ဂုဏ်ပြုချီးမြှောက်နိုင်ရေးတို့ကို တာဝန်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ယခုကာလသည် ပြည်သူက ရွေးကောက်တင်မြှောက် တာဝန်အပ်နှင်းထားသော တရားဝင်ပြည်သူ့အစိုးရအပေါ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဥပဒေမဲ့ အာဏာသိမ်းယူခဲ့သည့် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ရပ်များကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံ့ဝန်ထမ်များက Civil Disobedience Movement (CDM) လှုပ်ရှားမှုများကို နိုင်ငံတစ်ဝှမ်း ဆောင်ရွက်နေချိန်ဖြစ်ပြီး တရားမဝင် အာဏာသိမ်းစစ်ကောင်စီအား ကျိုးနွံ့လျက် CDM လှုပ်ရှားဆောင်ရွက်နေကြသော နိုင်ငံ့ဝန်ထမ်းများအပေါ် ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ အနိုင်အထက်ပြုမူ ဆက်ဆံ ဆောင်ရွက်နေကြသည့် ဝန်ထမ်းအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့ကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီ၏ ညွှန်ကြားချက်များသည် တရားဝင်မှုမရှိသဖြင့် လက်ခံလိုက်နာဆောင်ရွက်ရန် မလိုအပ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ၂၀၂၀ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်သူများ၏ ထောက်ခံမှုရရှိထားသည့် ကော်မတီဖြစ်သည်။
လက်ရှိတွင် ထိုကော်မတီသည် နိုင်ငံတကာနှင့်ဆက်ဆံရန် နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးထင်လင်းအောင်လည်းကောင်း၊ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ဒေါက်တာဆာဆာအားလည်းကောင်း ခန့်အပ်ထားပြီး နိုင်ငံတကာဆက်ဆံရေးရုံးကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။