အာဏာသိမ်း စစ်တပ်၏ ဥပဒေထုတ်ပြန်ချက်များက အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းသည့် ဆောင်ရွက်ချက်သာဖြစ်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

အာဏာသိမ်း စစ်တပ်၏ ဥပဒေထုတ်ပြန်ချက်များက အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းသည့် ဆောင်ရွက်ချက်သာဖြစ်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

အာဏာသိမ်း စစ်တပ်၏ ဥပဒေထုတ်ပြန်ချက်များသည် အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုက်သည့်အပြင် ပြည်သူလူထုများ၏ လွတ်လပ်မှုကို ကန့်သတ်ချုပ်ချယ်လိုက်သည့် ဆောင်ရွက်ချက်များသာဖြစ်ဟု NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က “တစ်ဖက်မှာလည်း အာဏာသိမ်းတဲ့ အရေးအပေါ်အခြေအနေ ထုတ်ပြန်တဲ့ကာလအတွင်း အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ခောတ်ကာလနဲ့ မလျော်ညီတော့တဲ့ ဥပဒေ များအား စစ်အစိုးရက ဆင့်ကဲ ဆင့်ကဲ ထုတ်ပြန်ပြဌာန်းခြင်းဟာ ဖက်ဒရယ်၊ ဒီမိုကရေစီစံနှုန်းများနဲ့ လုံးလုံးလျားလျား ဆန့်ကျင်ပြီး အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းတဲ့ ဆောင်ရွက်ချက်များပဲ ဖြစ်ပါ တယ်။ ဒီမိုကရေစီ နောက်ကြောင်း ပြန်လှည့်စေတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုတို့ရဲ့ လွတ်လပ်မှု အားလုံးကို ကန့်သတ်ချုပ်ချယ်လိုက်တာပဲ ဖြစ်ပါတယ်။” ဟုပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) ပြုလုပ်သည့် PPST ၏ အထူးအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် PPST ယာယီဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တပ်မတော်၏ အာဏာသိမ်းမှုကို လက်မခံ၍ နည်းလမ်းပေါင်းစုံနှင့် ဆန္ဒထုတ်ဖော်နေကြသည့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ မားမားမတ်မတ် ရပ်တည်အားပေးထောက်ခံသွားမည်ဟု ဆိုသည်။

စစ်အာဏာသိမ်းခြင်းကို မလိုလားသည့် ပြည်နယ်နှင့် တိုင်းအသီးသီးမှ  ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုများကို တပ်မတော်နှင့် ရဲများက လိုက်လံဖမ်းဆီးခြင်း၊ အကြမ်းဖက်ဖြိုးခွင်းခြင်းများ မလုပ်ဆောင်ရန်  ဗိုလ်ချုပ်ကြီးယွက်စစ်က တောင်းဆိုခဲ့သည်။

၎င်းက “ဆန္ဒပြထုတ်ဖော်ပွဲများနဲ့ Civil Disobedience Movement အာဏာဖီဆန်ရေး လူထုအုံကြွ လှုပ်ရှားမှု တိုတွင် ပါဝင်ခဲ့ကြတဲ့ အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များကို ညအချိန်မတော်အတွင်း တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များမှ ဥပဒေမဲ့ လိုက်လံဖမ်းဆီးခြင်းများကို ရပ်တန့်ပြီး ဖမ်းဆီးထားသိမ်းထားတဲ့ သူများအားလုံး ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြခြင်းကို အကြမ်းမဖက်နည်းမလမ်းများနဲ့ မဖြိုခွင်းဖို့ အလေးအနက်တောင်းဆိုပါတယ်” ဟုပြောသည်။

ယနေ့ပြုလုပ်သည့် PPST ၏ အထူးအစည်းအဝေးတွင် လူထုရွေးကောက်ခံ အစိုးရ မပေါ်ပေါက်သေးမီ အာဏာသိမ်းစစ်အစိုးရ အုပ်ချုပ်တဲ့ကာလ NCA စာချုပ်၏ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို ယာယီဆိုင်းငံ့ထားသင့်၊ မထားသင့် တစ်ဖွဲ့ချင်းနဲ့ဆိုင်တဲ့ နှစ်ဖက်သဘောတူစာချုပ် (Bilateral Agreements ) များကို အခြေံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လက်အကောင်အထည်ဖော်သင့်၊ မဖော်သင့် စသည်များကို ဆွေးနွေညှိနှိုင်း ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လာမယ့် အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများမှာ ချပြဆွေးနွေးနိုင်ရန် NCA-s EAO များ၏ ဖက်ဒရယ် အခြေခံမူများကိုလည်း ယခုအစည်းအဝေး၌ ဆွေးနွေးသွားမည့်အပြင် လက်ရှိ နိုင်ငံရေး ငြိမ်းချမ်းရေး အခင်းအကျင်းနှင့် ကိုက်ညီမည့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးချမှတ်သွားမည်ဟု ဆိုသည်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်း အမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...