ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် အမှုဖွင့်ခံထားရကြောင်း သတင်းများထွက်ပေါ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် အမှုဖွင့်ခံထားရကြောင်း သတင်းများထွက်ပေါ်
by -
မင်းထွန်း (DMG)

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ - ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသည်ဟု ကြားသိရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ((NLD) ၏ ရခိုင်ပြည်နယ် ဒုတိယဥက္ကဋ္ဌ ဦးစိုးလေးကပြောသည်။

 

ဦးညီပုအား မည်သည့်ရဲစခန်းတွင် မည်သူကအမှုဖွင့်သည်ကို မသိရသေးသော်လည်း နိုင်ငံတော်အကြည်ညို ပျက်စေမှုနှင့် အမှုဖွင့်ခံထားရသည်ကို သိရှိထားကြောင်း ၎င်းကပြောသည်။

 

“သူတို့က ၅၀၅ (ခ) နဲ့စွဲတယ်ပေါ့။ စွဲတယ်ဆိုတော့ ကျွန်တော်တို့ဘက်တော့ ရှေ့နေတွေငှားပြီး ဥပဒေကြောင်း အရရင်ဆိုင်မယ်” ဟု ဦးစိုးလေးကပြောသည်။

 

လာမည့် ဖေဖော်ဝါရီ ၂၂ ရက်တွင် ဦးညီပုအား စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးသွားမည် ဟုလည်း ၎င်းကဆက်ပြောသည်။

 

ဦးညီပုအား လက်ရှိတွင် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရှိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

 

“၅၀၅ (ခ) နဲ့ အမှုဖွင့်ခံရတယ်လို့ ကြားနေရတယ်။ ကျွန်မတို့လည်း အတိအကျမသိရဘူး။ သတင်းကတော့ အဲလိုကြားနေရတယ်။ ခေါ်သွားတဲ့နေကစပြီး ဒီနေ့အထိတော့ အဆက်အသွယ် မရသေးပါဘူး” ဟု ဦးညီပု သမီးဖြစ်သူ မကြည်ကြည်ဦးကပြောသည်။

 

ယခုကဲ့သို့ ဝန်ကြီးချုပ်ဦးညီပုအား အမှုဖွင့်လှစ်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး တရားဝင်အကြောင်းစာပေးပို့ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်စေလိုကြောင်း ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ - ၅၀၅ (ခ) သည် အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မတစ်ခုဖြစ်သည်။

 

ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က နိုင်ငံတော်အာဏာသိမ်းစဉ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ဖမ်းဆီးခဲ့ပြီး နှစ်ရက်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သော်လည်း လွတ်မြောက်လာသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်သူသို့ပြန်ကြားချက် ဗွီဒီယိုဖိုင်တစ်ခုကို ဖေဖေါ်ဝါရီ ၉ ရက်တွင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဖော်ပြခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက် ည ၁၀ နာရီကျော်အချိန်တွင် စစ်တပ်က လာရောကဖမ်းဆီးသွားခြင်းဖြစ်သည်။

 

၂၀၂၀ ရွေးကောက်ပွဲတွင် ဂွမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာမှ အနိုင်ရရှိထားသည့် ဦးရဲခေါင်ညွန့်နှင့် တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်တို့မှာလည်း တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းမှုကိုခံထားရပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...