ဖမ်းဆီးခံရသည့်မြစ်ကြီးနားအခြေစိုက်သတင်းထောက်ငါးဦးပြန်လည်လွတ်မြောက်လာပြီဖြစ်ပြီး ထိန်းသိမ်းထားစဉ် အချုပ်ကားထဲ၌ တစ်ညလုံးနေခဲ့ရကြောင်း ဖမ်းဆီးခံရသူ The 74 Media မှသတင်းထောက်ကိုနော်ဆိုင်း ကပြောသည်။
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊စက်မှုဇုံရပ်ကွက်ရှိ EPCလျှပ်စစ်ဓါတ်အားပေးရုံးသို့ ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်းကစစ်သားများဝင်ရောက်မှုအပေါ် ပြည်သူများကသွားရောက်ဆန္ဒပြသည့်ဖြစ်စဉ်အား သတင်းသွားယူ သည့် The 74 media မှ အယ်ဒီတာ ကိုထွယ်အောင်နှင့် သတင်းထောက်နော်ဆိုင်း၊ ထာဝရငြိမ်းချမ်းရေး သတင်းကွန်ယက်မှ ကိုရန်ကောင်းနှင့်ကိုဝေယံ၊ Mizzima သတင်းထောက်ကို ဆိုင်းလတ်အောင်ကို ဖမ်းဆီးခံ ရခြင်းဖြစ်သည်။
“ဆန္ဒပြတဲ့လူတွေနဲ့ စစ်သားတွေရဲ့ကြားမှာရောက်နေတဲ့အချိန်မှာ စစ်တပ်ပိုင်းဆိုင်ရာက ဗိုလ်မှူးအဆင့်ရှိသူတစ် ဦးကခဏလေးစုပေးပါဆိုပြီးအချုပ်ကားထဲခေါ်သွားခြင်းဖြစ်ပါတယ်။စစ်ဆေးတာ၊ ရိုက်နှက်တာတွေတော့ ဘာမရှိဘူး။ဒါပေမယ့်အချုပ်ကားထဲမှာတော့တစ်ညလုံးနေခဲ့ရတယ်။အပေါ့အပါးသွားမယ့်အချိန်တောင်မပေးဘူး။ဖမ်းသွားတဲ့အချိန်ကဘာကြောင့်ဖမ်းတယ်ဆိုတာတော့မပြောဘူး။ ဒါပေမယ့် ပြန်လွှတ်တဲ့အချိန်မှာတော့ ၁၄၄ထုတ်ပြန်ထားတာကို ဖောက်ဖျက်တာနဲ့နောက်တစ်ခုက TANK ကားတွေကို ရိုက်တဲ့အတွက်လုံခြုံရေးအရ ဖမ်းတာလို့ပြော ပါတယ်”ဟု သတင်းထောက်ကိုနော်ဆိုင်းက ပြောသည်။
၎င်းတို့အနေဖြင့် ဘက်လိုက်မူမရှိ သတင်းမှန်ထုတ်လွှင့်ခဲ့သော်လည်း ယခုကဲ့သို့ဖမ်းဆီးခံရခြင်းဖြစ်ပြီး သတင်းသ မားများအတွက် လုံခြုံရေးနှင့် သတင်းရယူပိုင်ခွင့်အလွန်အားနည်းကြောင်း ၎င်းကဆက်လက် ပြောသည်။
ထို့နောက် ဖေဖော်ဝါရီ၁၅ရက်တွင် ကချင်ပြည်နယ်၊ငြိမ်းချမ်းရေးအကျိုးဆောင် (PCG)မှသွားရောက်ညှနှိုင်းကာ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး၎င်းတို့ကို ပြန်မလွှတ်မီပုဒ်မ ၁၄၄ အမိန့်အားလိုက်နာရန် နှင့်စစ်တပ်မှကား များအား ခွင့်ပြုချက်တောင်းခြင်းမပြုဘဲ ပုံရိုက်ခြင်းများ၊ဗီဒီယို ရိုက်ခြင်းများမပြုလုပ်ရန်ခံဝန်ကတိ ထိုးခိုင်း ကြောင်း သိရသည်။
“ချက်ချင်းဖြန်ဖြေလို့ ရနိုင်ပေမယ့် အထက်အမိန့်အရ အထက်အမိန့်အရဆိုပြီးဘဲပြောနေတယ်။ ကျွန်တော်တို့ ဘက်ကလည်း ဘာမှမလုပ်နိုင်ဘူး။ အဲတော့ ကျွန်တော်တို့သတင်းမီဒီယာသမားတွေကို ကာကွယ်နိုင်တဲ့ဥပဒေ အားနည်းသေးလို့ဖြစ်တယ်လို့မြင်တယ်”ဟု သတင်းထောက်ကိုဆိုင်းလတ်အောင်ကပြောသည်။