သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် စစ်တပ်တို့ တိုက်ပွဲ သုံးရက်ဆက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စု ပန်ခါးကျေးရွာ အနီးတွင် RCSS/SSA နှင့် စစ်တပ် တို့သည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၁ရက်)တွင် တိုက်ပွဲပြင်းထန်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ တပ်သားနှစ်ဦး ကျဆုံးမှုရှိကြောင်း RCSS/SSA သတင်းပြန်ကြားရေးမှ စုံစမ်းသိရသည်။
“မနေ့က တိုက်ပွဲ တနေကုန်ပဲ။ တပ်မတော်က ကျနော်တို့ RCSS/SSAကို လာပြီး ထိုးစစ်ဆင်တာ။ သီပေါမနယျ ကျွန်တော်တို့ ရှိနေတဲ့နေရာ အနှံ့ပဲ လာတိုက်တယ်။ အခု ငြိမ်တော့ငြိမ်နေတယ်။ ဒါပေမယ့် စစ်ရေးက တင်းမာ နေတုန်းပဲ”ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က ပြောသည်။
ဆက်လက၍ယမန်နေ့ ဖြစ်ပွားသည့်တိုက်ပွဲ တွင် စစ်တပ်ဖက်က တပ်သားကျရှုံးမှုရှိပြီး၊ လက်နက်ပစ္စည်းများ လည်း RCSS/SSAက သိမ်းဆည်းရမိကြောင်း ဗိုလ်မှူး ခမ်းစံ က ဆက်လက်ပြောသည်။
RCSS/SSA နှင့် စစ်တပ်တို့သည် ဖေဖော်ဝါရီ ၉ ရက်မှ စတင်ကာ ယမန်နေ့ (ဖေဖော်ဝါရီ ၁၁)ရက်ထိ သီပေါမြို့နယ် အတွင်း သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယနေ့တွင်လည်း စစ်တပ်ဘက်က နောက်ဆုတ်သွားခြင်းမရှိသေးသဖြင့် အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်ကြောင်းလည်း ဗိုလ်မှူး ခမ်းစံက ပြောသည်။
“အခု ချိန်ထိ တပ်မတော်က နောက်မဆုတ်သေးဘူး။ ရှိနေသေးတယ်။ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တဲ့သဘောပဲ။ စစ်ရေးတင်းမာနေဆဲပါ” ဟု ဗိုလ်မှူးခမ်းစံက ထပ်လောင်းပြောသည်။
သီပေါမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတချို့ စိုးရိမ်ထိတ်လန့်ပြီး မန်လီကျေးရွာအုပ်စု နားစင့်ကျေးရွာသို့ထွက်ပြေးနေရကြောင်း သိရသည်။
လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံသည် ဖေဖော်ဝါရီ ၁ရက် မှ စတင်ကာ စစ်တပ်က နိုင်ငံ့အာဏာကို လုယူလိုက်သဖြင့် ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်များကို မြန်မာပြည်အနှံ့ ဆန့်ကျင် ပြုလုပ်လျက်ရှိသည်။