ယနေ့ဖေဖော်ဝါရီ ၁၂ တွင် ကျင်းပရန် စီစဉ်ထားသည့် မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။
အာဏာသိမ်း စစ်အစိုးရ၏ စီမံအုပ်ချုပ်ရေးကောင်စီဝင် တစ်ဦး မွန်ညီညွတ်ရေးပါတီအနေဖြင့် တာဝန်ယူပေးရန် တပ်၏ ကမ်းလှမ်းချက်ကို လက်ခံထားခြင်းကိစ္စ အဆိုပါအစည်းအဝေးတွင် ပြန်လည် တင်ပြဆွေးနွေးရန် ရှိကြောင်း ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် နိုင်စိုးမြင့်က ဟင်္သာမီဒီယာကို မကြာသေးမီ ရက်ပိုင်းက ပြောဆိုထားသည်။
အဆိုပါ အစည်းအဝေးခေါ်ယူပေးရန် ပါတီအကြီးအကဲပိုင်းမှ ပုဂ္ဂိုလ်များအပါအဝင် ၁၂ ဦးတို့ လက်မှတ် ရေးထိုး တောင်းဆိုထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
စစ်ကောင်စီတွင် တစ်ဦး ပါဝင်တာန်ယူရန် လက်ခံခြင်း ကိစ္စအပေါ် မွန်ဒေသတွင်း မဲဆန္ဒရှင်များနှင့် နိုင်ငံရေး စိတ်ဝင်စားသူများအကြား ဝေဖန် ပြောဆိုမှုများလည်း မြင့်တက်ခဲ့သည်။
တပ်၏ ကမ်းလှမ်းချက်အပေါ် တုန့်ပြန်ရန် မွန်ညီညွတ်ရေးပါတီအနေဖြင့် ဖေဖော်ဝါရီ ၆ က မော်လမြိုင်တွင် ပြုလုပ်ခဲ့သည့် CEC အစည်းအဝေး၌ ဆွေးနွေးပြီးနောက် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ယင်းကမ်းလှမ်းချက်ကို လက်ခံရန် သင့်မသင့် အစည်းအဝေးတက်ရောက်လာသူ ၃၈ ဦးအနက် ထောက်ခံသူ ၂၆ ဦး၊ ကန့်ကွက် မဲ ၁၀ ဦး၊ ကြားနေသူနှစ်ဦး ရှိခဲ့ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမင်းစိုးလင်းထံမှ သိထားရသည်။
လက်ရှိအချိန်တွင် ပါတီတာဝန်ရှိသူအချို့ထံ ဆက်သွယ်မေးမြန်းခဲ့ရာ အစည်းအဝေး မည်သည့် နေ့ရက်တွင် ကျင်းပမည် ပြင်ဆင်ကြောင်း မသိရသေးဟု ဆိုသည်။
အစည်းအဝေးကို ယင်းသို့ ရက်ရွှေ့ဆိုင်းခြင်း အကြောင်းရင်းကို သိရှိေဖာ်ပြနိုင်ရန် ပါတီတွဲဖက် အတွင်းရေးမှူး နိုင်လယိတမထံ ဟင်္သာမီဒီယာက ဖုန်းဖြင့် ဆက်သွယ်ဆဲဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီ ၁၁ ညနေပိုင်းအထိ မသိရသေးပေ။