မော်လမြိုင်မြို့တွင် တိုင်းရင်းသားလူငယ်များက အာဏာရှင်ဟူသမျှ တော်လှန်ကြ ဟူသောကြွေးကြော်သံများဖြင့် ဆန္ဒပြ

မော်လမြိုင်မြို့တွင် တိုင်းရင်းသားလူငယ်များက အာဏာရှင်ဟူသမျှ တော်လှန်ကြ ဟူသောကြွေးကြော်သံများဖြင့် ဆန္ဒပြ
by -
စိုင်းထွန်းစံ(MNA)

“အာဏာရှင်ဟူသမျှ တော်လှန်သော” ခေါင်းစည်းစာတမ်းဖြင့် မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားလူငယ်များနှင့် မြို့ခံပြည်သူလူထုအင်အား တစ်ထောင်ခန့်က ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) နံနက်ပိုင်းက မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 

မွန်လူငယ်တစ်ဦးက“စစ်အာဏာရှင် အုပ်ချုပ်တာကို မလိုလားဘူး။ ပြီးတော့ စစ်အာဏာရှင်ဖြစ်စေ ဒီမိုကရေစီအာ ဏာရှင်ဖြစ်စေ ဘယ်အာဏာရှင် အုပ်ချုပ်တာကိုမှ ကျွန်တော်တို့မလိုလားဘူး။ ဒါကြောင့် အာဏာရှင်မှန်သမျှ ဆန့်ကျင်ကြဆိုတဲ့အဓိပ္ပါယ်နဲ့ လာရောက်ကန့်ကွက် ဆန္ဒပြတာ” ဟု ပြောသည်။

 

ယခုကဲ့သို့ စစ်အာဏာလုယူသိမ်းလိုက်ခြင်းက တိုင်းရင်းသားများလိုလားနေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုအရေးအတွက် အနှောင့်အယှက်ဖြစ်ကြောင်း ၎င်းက ယူဆလျက်ရှိသည်။

 

“အာဏာရှင်စနစ် တိုက်ဖျက်ရေး ဒို့အရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး ဒို့အရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး ဒို့အရေး၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရသည့် နိုင်ငံရေးသမားများ လွှတ်ပေးရေး ဒို့အရေး” စသည်ဖြင့် တိုင်းရင်းသားလူငယ်များက ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။

 

ပအိုဝ်းတိုင်းရင်းသားလူငယ်တစ်ဦးက “ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကတော့ ကိုယ်ပိုင်ပြဋ္ ဌာန်းခွင့်နဲ့ တန်းတူရေးကို ကျွန်တော်တို့ လိုချင်တာပေါ့နော်။ ပြီးတော့ ဒါကိုလည်း ဒီမိုကရေစီလမ်းကြောင်းနဲ့ သွားမှ ဖြစ်နိုင်တာပေါ့နော်။ ခုတပ်မတော်က အာဏာသိမ်းလိုက်တဲ့အခြေနေမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမ ှုတွေက ဆိတ်သုဉ်းသွားတယ်။ ဒါကြောင့် ကျွန်တော်တို့တိုင်းရင်းသားအရေးတွေ လိုအပ်ချက်တွေလည်း ဆိတ်သုဉ်းသွားနိုင်တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် ဖြတ်ရမယ်။ ပြီးတော့ ဒီစစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့ ဆန့်ကျင်တယ်”ဟု ဆိုသည်။



 

ထို့အတူ ယနေ့နံနက်ပိုင်းအချိန်မှစတင်၍ မော်လမြိုင်မြို့ပေါ်နေရာအတော်များများတွင် တပ်မတော်အာဏာသိမ်းမှု ကန့်ကွက်ကြောင်း စတုတ္ထနေ့အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ရာ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတချို့မှ ဝန်ထမ်းများအပြင် မြို့ခံပြည်သူများအင်အားတစ်သောင်းကျော် “သမ္မတကြီးဦးဝင်းမြင့်နှင့် အမေစုလွတ်မြောက်ရေး ဒို့အရေး” ကြွေးကျော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း တွေ့ရသည်။

 

အဆိုပါဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟန့်တားပိတ်ဆို့မှုများရှိခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...