တပ်မတော်စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်မြို့ မြေနီကုန်း ပဒုမ္မာပန်းခြံရှေ့တွင် တိုင်းရင်းသားလူမျိူးပေါင်းစုံစုပေါင်း၍ ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) နံနက်ပိုင်းက အထွေထွေသပိတ်ဆင်နွှဲခဲ့ကြပြီး လူဦးရေ ၅၀၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြကြောင်းသိရသည်။
“စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုမှာ တိုင်းရင်းသားတွေလည်း သူ့နိုင်ငံရေးယူဆချက်နဲ့ သူ့နိုင်ငံရေးလိုလားချက်တွေကို ထင်ဟတ်စေအောင်ပါ။ လမ်းပေါ်မှာ တကယ်ထွက်ပြီးပြောတဲ့ချိန်မှာကျတော့ NLD ပိုများနေတာဖြစ်တယ်။ ဒါပေမဲ့ တဖက်မှာကျတော့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးလိုလားချက်က သီးသန့်ရှိတယ်။ သူတို့နဲ့မတူဘူး။ အဲဒါကြောင့် မတူလို့ သီးသန့်ထွက်တာဖြစ်တယ်။ တိုင်းရင်းသားတွေ လမ်းပေါ်ထွက် တပ်စုပေါင်းထွက်တယ်။ တဖွဲ့ခြင်းဆီထွက်တာ အင်အားနည်းတယ်။ ကျွန်တော်တို့ စုစုပေါင်းပေါင်းနဲ့ ထွက်တာဖြစ်တယ်” ဆလိုင်းမွန်ဘွဲ့ကပြောသည်။
ယနေ့ဆန္ဒဖော်ထုတ်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အထွေထွေသပိတ်တွင် အချက်လေးချက် တောင်းဆိုခဲ့ကြပြီး (၁) အာဏာရှင်စနစ် ဖျက်သိမ်းရေး (၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး (၃) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး (၄) မတရားဖမ်းဆီးခံရသူများ လွတ်မြောက်ရေး စသည်တို့ဖြစ်သည်။
“တိုင်းရင်းသားပေါင်းမှ လှုပ်ရှားမှုဖြစ်တဲ့အတွက် ရန်ကုန်သူ/ရန်ကုန်သားများ ပြည်သူ/ပြည်သားတွေကလည်း ထူးခြားစွာမြင်ရတယ်။ ဒီအာဏာသိမ်းမှုမှာ ဒီ NLD တစ်ခုတည်းမဟုတ်ဘူး။ စစ်အာဏာရှင်ဆန့်ကျင်တဲ့ထဲမှာ တိုင်းရင်းသားတွေလည်းပါတယ်ဆိုတာ သူတို့ ကွက်ကွက်ကွင်းကွင်းမြင်သွားတယ်။ ထောက်ခံမှုတွေ အများကြီးရတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ တိုင်းရင်းသားတွေ ကြွေးကြော်သံတွေ နားထောင်ခြင်းအားဖြင့် ရန်ကုန်မှာရှိတဲ့ ဗမာတိုင်းရင်းသားတွေ အခြားသောလူမျိုးတွေက ဒီတိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို သိသွားတယ်။ အဲဒါကျွန်တော်တို့ အဓိကပေးချင် message ဖြစ်တယ်။ ဒီအာဏာရှင်တွေနဲ့ နိုင်ငံတကာတွေကိုလည်း သိသွားချင်တယ်။ ဒီတိုင်းရင်းသားတွေရဲ့ လိုလားချက်ဆိုတာ ဒါဖြစ်တယ်။ မတူဘူး။ NLD နဲ့မတူဘူး။ ကျွန်တော်တို့ ဆန္ဒပြတာကလည်း သူတို့နဲ့မတူဘူး။ လိုလားချက်ရှိတယ်။ ပန်းတိုင်ရှိတယ်။ အားရတယ် ဒီနေ့လုပ်တာတော့” ဆလိုင်းမွန်ဘွဲ့ကပြောသည်။
ယနေ့ပြုလုပ်သော တိုင်းရင်းသားလူမျိုး အထွေထွေသပိတ်တွင် ကချင်၊ ကရင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ကတူး (kadu)၊ ဗမာ၊ မြို၊ အင်းသား၊ ပအိုင်း၊ ဒိုင်းနက် (Chakama)၊ လီဆူ၊ မရမာကြီး၊ သက်၊ ၀၊ နာဂ စသည့် တိုင်းရင်းသား ၁၈ ဖွဲ့ ပါဝင်ခဲ့ကြသည်။
Published
Thursday, February 11, 2021
ရန်ကုန်မြို့တွင် တိုင်းရင်းသားလူမျိူးများစုပေါင်း၍ အထွေထွေသပိတ်ဆင်နွှဲ
Photo: Chin Youth Network