ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ယနေ့ဆန္ဒပြပွဲ ဦးဆောင်သူများတွင်ပါဝင်သည့် လူငယ်လေးဦး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ခံဝန်လက်မှတ်ထိုးခဲ့ရကြောင်း သိရသည်။
အဆိုပါလေးဦးမှာ မာန်အောင်မြို့မှ လူငယ်များဖြစ်သည့် မအိစောမွန်၊ ကိုခန့်ဝေလင်း၊ ကိုမျိုးလင်းဇော်နှင့် ကိုအောင်မြဦးတို့ဖြစ်ပြီး ၎င်းတို့လေးဦးအား ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်) မွန်းလွဲပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ဆုံကာ ခံဝန်လက်မှတ်ရေးထိုးခိုင်းခြင်းဖြစ်သည်ဟု ဆိုသည်။
တပ်မတော်အာဏာသိမ်းခြင်းကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုကို ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်) နံနက်ပိုင်းက မာန်အောင်မြို့တွင် လူပေါင်း ၂ဝဝ ခန့်က ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ယခုကဲ့သို့ ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲကို ယမန်နေ့ကလည်း မာန်အောင်မြို့တွင် ပြုလုပ်ခဲ့ကြပြီး ယင်းအထဲမှ ဦးဆောင်သူ မခင်ထိပ်ထားလှိုင်နှင့် ဦးဘိုးနွဲ့တို့ကိုလည်း ယင်းနေ့ညပိုင်းတွင် မာန်အောင်မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။