“ပြည်ထောင်စုနိုင်ငံတော်စီမံအုပ်ချုပ်မှုကော်မတီမှာပါဖို့ သူတို့တောင်းတယ်.. ကချင်ပြည်နယ်အစိုးရ Cabinet အဖွဲ့ဝင်အဖြစ်လုပ်ဖို့ ကမ်းလှမ်းတာရှိတယ်။ ကျွန်တော်က နှစ်ခုအစလုံးကို ငြင်းလိုက်ပါတယ်”

“ပြည်ထောင်စုနိုင်ငံတော်စီမံအုပ်ချုပ်မှုကော်မတီမှာပါဖို့ သူတို့တောင်းတယ်.. ကချင်ပြည်နယ်အစိုးရ Cabinet အဖွဲ့ဝင်အဖြစ်လုပ်ဖို့ ကမ်းလှမ်းတာရှိတယ်။ ကျွန်တော်က နှစ်ခုအစလုံးကို ငြင်းလိုက်ပါတယ်”

အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာအမ်ကောန်လနှင့်အင်တာဗျူး

တပ်က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ၎င်းတို့ဖွဲ့စည်းသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ပါဝင်ရန် တိုင်းရင်းသားပါတီများအား ကမ်းလှမ်းမူများရှိနေကြောင်း သိရသည်။

အဆိုပါ အာဏာသိမ်းစစ်ကောင်စီ ကမ်းလှမ်းချက်နှင့်အတူ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းအပေါ် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က မည်သို့သဘောထားသလဲဆိုသည်နှင့်ပတ်သက်၍ ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လအား ယခုလို တွေ့ဆုံမေးမြန်းခဲ့သည်။

မေး - အန်ကယ်တို့ပါတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ပေးဖို့ ကမ်းလှမ်းခဲ့ပြီးပြီလား။

ဒေါက်တာအမ်ကောန်လ - ဖေဖော်ဝါရီလ၃ရက်နေ့ကတည်းက နိုင်ငံတော်သမ္မတရုံးကနေပြောပါတယ်။ အဲဒါတော့ ပြည်ထောင်စုနိုင်ငံတော်စီမံအုပ်ချုပ်မှုကော်မတီမှာပါဖို့ သူတို့တောင်းတယ်။ အဲဒါ Cabinet ထဲထည့်ရင်ထည့်မယ်။ (နစက) ဗဟိုအဖွဲ့ထဲမှာလည်း ထည့်ရင်ထည့်မယ်။ အဲလိုတောင်းပါတယ်။ နောက်တစ်ခုက ၄ ရက်နေ့ကျတော့ ကချင်ပြည်နယ်အစိုးရ Cabinet အဖွဲ့ဝင်အဖြစ်လုပ်ဖို့ ကမ်းလှမ်းတာရှိတယ်။ ကျွန်တော်က နှစ်ခုအစလုံးကို ငြင်းလိုက်ပါတယ်။

မေး - ဘာကြောင့်ငြင်းခဲ့တာလဲ။

ဒေါက်တာအမ်ကောန်လ - ကျွန်တော်တို့ နိုင်ငံရေးလုပ်တယ်ဆိုတာ နေရာယူဖို့မဟုတ်ဘူး။ နိုင်ငံရေးလုပ်ဖို့သက်သက်ဖြစ်တယ်။ နိုင်ငံရေးလုပ်ဖို့သက်သက်ဆိုတဲ့ဟာက အဓိပ္ပါယ်ကလူထုရဲ့ Mandate နဲ့သွားတဲ့ နိုင်ငံရေးဖြစ်တယ်။ ဆိုတော့ ခုနလို pointed position တွေ လာပေးတဲ့ဟာမျိုးကို လက်ခံပြီးလုပ်ဖို့မဟုတ်ဘူး။ နောက်တစ်ချက်က ခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်မူအဖွဲ့ ဆောင်ရွက်တဲ့ပုံစံက ပွင့်ပွင့်လင်းလင်းပြောရရင် ကြားဖြတ်အစိုးရပုံစံဘဲ ၂၀၀၈ အခြေခံဥပဒေအတိုင်း နောက်ထပ် ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပြီးတော့ အနိုင်ရပါတီပြန်အပ်ဖို့ဖြစ်စဉ်က ပွင့်ပွင်းလင်းလင်းပြောရင် ကျွန်တော်တို့လိုချင်တဲ့ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးတို့ အသစ်ပြန်လည်ရေးဆွဲရေးမူထဲမှာ မဟုတ်ဘဲနဲ့ ဒီထဲမှာဘဲတစ်ကျော့လည်တဲ့ကိစ္စဖြစ်နေတဲ့အတွက်ကြောင့်မို့ ဒီဟာကို မလုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

မေး - အဲလိုဆိုရင် အန်ကယ်တို့ပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေး ပြုပြင်မယ့်မူမျိုး ဖက်ဒရယ်ကိုအခြေခံတဲ့ မူတွေပါရင်တော့ လက်ခံမယ့်အနေထားလို့ ပြောလို့ရလား။

ဒေါက်တာအမ်ကောန်လ - အဲဒါဆိုရင်တော့ လုပ်ကိုလုပ်ရမှာ ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဘဲ အဓိကတော့ တိုင်းပြည်ရဲ့ပြဿနာကို ကြည့်ဖို့လိုတယ်။ အချုပ်အခြာအာဏာကို ထိန်းချုပ်တာ ပြဌာန်းတာက Mother law လို့ခေါ်တဲ့ အခြေခံဥပဒေဖြစ်နေတယ်။ အခြေခံဥပဒေက ပဋိပက္ခကိုဖြစ်စေတယ်။ ကျွန်တော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို အခြေမခံဘူးဆိုရင် ကျွန်တော်တို့ရည်မှန်းချက်က ဖက်ဒရယ်ပြည်ထောင်စုဖြစ်စေတဲ့ အခြေခံဥပဒေရေးဆွဲဖို့ဘဲ ကြိုးပမ်းရမှာဖြစ်တယ်။ အဲအခွင့်အလမ်းပေါ်မယ်။ တစ်ကယ်လုပ်လို့ရမယ်ဆိုရင် ဝင်လုပ်မှာဖြစ်တယ်။

မေး - လက်ရှိအခြေနေမှာ တိုင်းရင်းသားပါတီအချို့ ခုလက်ရှိဖြစ်နေတဲ့အနေအထားနဲ့ပတ်သက်ပြီး NLD ပါတီနဲ့ ပူးပေါင်းသွားမယ်ဆိုတဲ့ ပုံစံမျိုး ထုတ်ပြန်ချက်တွေရှိနေတယ်။ အန်ကယ်တို့ပါတီကော NLD နဲ့ ပူးပေါင်းဖို့ရှိလား။

ဒေါက်တာအမ်ကောန်လ - တစ်နေ့ကဘဲ ကျွန်တော်တို့ပါတီရဲ့သဘောထားကိုလည်း ထုတ်ပြန်ထားပြီးသားဖြစ်တယ်။ NLD ပါတီနဲ့တော့ မပူးပေါင်းပါဘူး။ ဘာဖြစ်လို့လဲဆိုရင် NLD ပါတီဘဲဖြစ်ဖြစ် မည်သည့်ပြည်မပါတီဘဲဖြစ်ဖြစ် အာဏာရပါတီဟာ လူများစုကနေ လူနည်းစုကို ထိန်းချုပ်တဲ့ ဒီမိုကရေစီအာဏာရှင်စနစ်ကိုဘဲ ဖော်ဆောင်နေတာဖြစ်တယ်။ အဲထဲမှာဘဲ ရောက်သွားတာဖြစ်တယ်။ အာဏာသုံးရပ်တွင်းမှာ Check and balance အလွန်အားနည်းတယ်။ ပါတီတစ်ခုကဘဲ အဆုံးအဖြတ်နဲ့ဘဲသွားတယ်။ NLD လက်ထက်တွင်မဟုတ်ဘူး။ USDP တုန်းကလည်း အတူတူဘဲ အဲတော့ အခွင့်ရေးနည်းနည်းဖွင့်တာနဲ့ ထိန်းချုပ်တာဘဲ ဒါဘဲကွာသွားတယ်။ အဲတော့ ပြည်နယ်တိုင်းရင်းသားလူမျိုးစုတွေက ခံစားချက် မပြောင်းလဲဘူး။ အဲတော့ ခုလက်ရှိ NLD ပါတီကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် ဒီမိုကရေစီအာဏာရှင်စနစ်ကိုဘဲ သွားနေတာဖြစ်တယ်။ သူတို့ရဲ့ဆောင်ရွက်ချက်က ၂၀၀၈ ဘောင်ထဲကအတိုင်း ဖြစ်တဲ့အတွက်ကြောင့်မို့ ဘာဖြစ်လာလို့လဲဆိုရင် အမျိုးသားနိုင်ငံတည်ဆောင်မူဘဲဖြစ်တယ်။ ဖက်ဒရယ်တည်ဆောက်ဖို့မဟုတ်ဘူး အာဏာဖြန့်ခွဲမူလည်းမရှိဘူး။ နောက်တစ်ခါ လွှတ်တော်ကကနေပြီး တစ်ညီတစ်ညွတ်ထဲ ၅၀ ရာခိုင်နူန်းကျော် ဆုံးဖြတ်ချက်တွေနဲ့ ပြည်နယ်လူမျိုးစုတွေ မနှစ်သက်တဲ့ဥပဒေတွေ တိုက်ရိုက်ပြဌာန်းနေတာတွေ ဆက်တိုက်ပြဌာန်းလာတာတွေ ရှိတဲ့အတွက် ကျွန်တော်တို့က ပူးပေါင်းစရာအကြောင်းမရှိဘူး။ ငါးနှစ်လုံးလုံး ဒီမိုကရေစီအာဏာရှင်စနစ်ကိုဘဲ သွားနေတဲ့အတွက် ကျွန်တော်တို့ ပူးပေါင်းစရာမရှိပါဘူး။

မေး- ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဒေါက်တာအမ်ကောန်လ - လက်ရှိမြန်မာပြည်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြောနေတာတွေ ကျွန်တော်တို့ ပြည်နယ်လူမျိုးစုကို လုံးဝကိုယ်စားမပြုဘူး။ ဒါ ပြတ်ပြတ်ရှင်းရှင်းပြောဖို့လိုတယ်။ နောက်တစ်ခါ ကျွန်တော်တို့ ပြည်နယ်လူမျိုးစုတွေရဲ့ ခေါင်းဆောင်မှုဟာ စုပေါင်းခေါင်းဆောင်မှုနဲ့သွားတယ်။ ကျွန်တော်တို့ ပြည်နယ်လူမျိုးစုတွေရဲ့ ဒီမိုကရေစီခေါင်းဆောင်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရောကြိတ်ပြီးတော့မှ လက်ခံပြီးကြေညာနေတာ အများစုက သဘောထားပေးနေတာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သဘောထားဆိုပြီး နိုင်ငံတစ်ကာကို ဖြန့်ချီနေတာတွေ ကျနော်တို့က လက်ခံနေမှာမဟုတ်ဘူး။ အဲတော့ ခု ကျွန်တော်တို့ လက်ရှိ လူထုတော်လှန်ရေးဟာ ကျွန်တော်တို့ယူဆချက်က အာဏာရှင်အလုံးစုံ လုံးဝ မပေါ်ပေါက်ရေးအတွက်ဘဲလို့ ခံယူတယ်။ ဒါကြောင့်မို့ အဲဟာကို ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့က ဆက်လက်ထောက်ခံမှာဖြစ်ပြီး အဲဒီအာဏာရှင်ဖျက်သိမ်းရေး မပေါ်ပေါက်ရေးအတွက်ဘဲ ပူးပေါင်းကူညီမှာဖြစ်တယ်။ တစ်စုံတစ်ဦးသောကိစ္စတွေ လုပ်ပေးမှာမဟုတ်ဘူး။ ဥပမာ NLD လွှတ်တော်ပြန်လည်ရှင်သန်ရေး ၂၀၂၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေးတို့ အဲဒီဟာတွေ ကျွန်တော်တို့ စိတ်မဝင်စားဘူး။ အမှန်မူရင်းပြသာနာကိုဘဲ စိတ်ဝင်စားတယ် KNC က အဲဒါဘဲပြောချင်တယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...