ကလေးမြို့၏ အချက်အချာကျသည့်နေရာများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လက်နက်ကိုင်ဆောင်ပြီး လုံခြုံရေးနေရာယူကာ လမ်းကြောင်းများ ပိတ်ဆို့ထားသော်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သည့် စတုတ္ထမြောက် လူထုဆန္ဒထုတ်ဖော်မှုကို ယနေ့ နံနက်ပိုင်း ၉ နာရီက ဆက်လက်ပြုလုပ်ခဲ့ကြသည်။
တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့သည် ကလေးမြို့ လမ်းမကြီးဖြစ်သည့် လမ်းဆုံ၊ ဘူတာလမ်းခွဲ၊ ပင်လုံမီးပွင့်၊ မြို့ပတ်လမ်းမှ ဗိုလ်ချူပ်လမ်းဝင်လာသည့် လမ်းကြောင်းများကို ယနေ့နံနက်ပိုင်းကတည်းက လက်နက်ကိုင်ဆောင်ပြီး ပိတ်ဆို့ထားသော်လည်း အင်အား တစ်သိန်းဝန်းကျင်ခန့်ရှိမည့် ကလေးမြို့ ဆန္ဒပြပြည်သူလူထုသည် ကံသူရလဘ္ကရည်ဆိုင်ရှေ့မှစတင်ကာ ဆိပ်ကမ်းသာလမ်းမှတဆင့် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်စိုက်ထူရာအထိ ချီတက်ဆန္ဒပြခဲ့ကြသည်။
ယနေ့ဆန္ဒဖော်ထုတ်မှုတွင် လူထုအင်အား တစ်သိန်းဝန်းကျင်ခန့်ပါဝင်ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေး ဒို့အရေး၊ ဒီမိုကရေစီရရှိရေး ဒို့အရေး၊ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ အရေးတော်ပုံအောင်ရမည်၊ CDM လှုပ်ရှားမှု ထောက်ခံကြောင်း စသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။
လမ်းမပေါ် ချီတက်ဆန္ဒဖော်ထုတ်ကြသည့် လူထုကို ထောက်ခံအားပေးသည့်အနေဖြင့် ရပ်ကွက်နေပြည်သူများကလည်း လမ်းဘေးဝဲယာတွင်ရပ်စောင့်ကာ အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် သင်္ကေတဖြစ်သော လက်သုံးချောင်းထောင်ခဲ့ကြသည့်အပြင် လက်ခုပ်တီးအားပေးမှုများ ပြုလုပ်ခဲ့ကြသည်။
Published
Wednesday, February 10, 2021
လုံခြုံရေးတင်းကြပ်သည့်ကြားက ကလေးမြို့တွင် စစ်အာဏာဆန့်ကျင်ရေး စတုတ္ထမြောက်နေ့ ဆန္ဒထုတ်ဖော်