မြန်မာနိုင်ငံတွင် တပ်မတော်က စစ်အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံသားများ ထွက်ပြေးတိမ်းရှောင်လာသူများရှိပါက ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် အမြန်ဆုံး အကြောင်းကြားရန် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အုပ်ချူပ်ရေးမှူးက ယနေ့ဖေဖော်ဝါရီ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။
အဆိုပါကြေညာချက်တွင် တပ်မတော်အနေဖြင့် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူလိုက်သည့်အတွက်ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာနိုင်ပြီး၊ ကျန်ဖိုင်းခရိုင်အတွင်းရှိ ကျေးရွာများအသီးသီးတွင် မြန်မာနိုင်ငံမှ ထွက်ပြေးခိုလုံသူများရှိလာပါက ၎င်းတို့၏ နာမည်၊ အသက်နှင့် မှတ်ပုံတင်နံပါတ်များကို အကြောင်းကြားရမည်ဟု ဖော်ပြထားသည်။
ကျန်ဖိုင်းခရိုင်သည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိပြီး ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် တပ်မတော်က စစ်အာဏာသိမ်းယူသည့်အပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မီဇိုရမ်ပြည်နယ်ရှိ အင်အားကောင်းသည့်ကျောင်းသားအဖွဲ့အစည်းဖြစ်သော မီဇိုးကျောင်းသားသမဂ္ဂ (MZP) က ဖေဖော်ဝါရီ ၃ ရက်က ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီးဖြစ်သည်။
ယင်းဆန္ဒဖော်ထုတ်မှုတွင် မီဇိုရမ်ပြည်နယ်အတွင်း လက်ရှိအနိုင်ရပါတီအပါအဝင် အတိုက်အခံနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များလည်းတက်ရောက်ခဲ့ကြပြီး တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် လုံခြုံရေးအခြေအနေအရ မြန်မာနိုင်ငံသားများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြပါက ကောင်းမွန်စွာ ကြိုဆိုလက်ခံသွားရန် ပြောဆိုခဲ့ကြသည်။
Published
Wednesday, February 10, 2021
မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများရှိပါက အကြောင်းကြားရန် ထုတ်ပြန်