တပ်က အာဏာသိမ်းပြီးနောက် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွှတ်ပေးရန်တောင်းဆိုမှု များပြားလာ

တပ်က အာဏာသိမ်းပြီးနောက် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွှတ်ပေးရန်တောင်းဆိုမှု များပြားလာ
by -
မင်းထွန်း (DMG)

လက်ရှိ နိုင်ငံရေးအကျပ်အတည်းကာလတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ၎င်းတို့၏ မိသားစုဝင်များအပါအဝင် ရခိုင်နိုင်ငံရေးပါတီများနှင့် ရခိုင်ပြည်သူလူထုများ၏ လူမှုကွန်ယက်စာမျက်နှာပေါ်မှတစ်ဆင့် တောင်းဆိုခြင်းများပြုလုပ်လာကြောင်း သိရသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့သည် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတို့ဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသူများဖြစ်သော်လည်း ရခိုင်ပြည်သူလူထုအများစု ထောက်ခံကြသူများဖြစ်ကြောင်း သိရသည်။              

“စစ်အာဏာသိမ်းပြီးနောက်မှာ စစ်အစိုးရဆိုရမှာပေါ့။ စစ်အစိုးရကနေပြီးတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ဦးထိပ်ထားတယ်ဆိုလို့ရှိရင် ရခိုင်လူထုထောက်ခံထားတဲ့ ရခိုင်လူထုခေါင်းဆောင် ဒေါက်တာအေးမောင်အပါအဝင် စာရေးဆရာဝေဟင်အောင်တို့၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားလူငယ်တွေကို လွှတ်ပေးလိမ့်မယ်လို့ ထင်တယ်” ဟု ဒေါက်တာအေးမောင်၏ ဇနီးဖြစ်သူ ဒေါ်မြမြသက်ကပြောသည်။

ပြည်သူ့အစိုးရဖြစ်သည့် NLD အစိုးရလက်ထပ်တွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း လွှတ်ပေးခြင်းမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့နယ်တွင်ပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောချက်များက ဥပဒေဖြင့် ငြိစွန်းသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်တွင် ၎င်းတို့နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ - ၅၀၅ (ခ) တို့ဖြင့် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။

စာပေဟောပြောပွဲတွင် ဟောပြောရုံဖြင့် နိုင်ငံတော်ပုန်ကန်မှုမြောက်ခြင်းသည် များစွာရုပ်ပျက်သည့်အတွက် ယခုအနေထားတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်လာလိမ့်မည်ဟု ပြည်သူလူထုများက ယုံကြည်နေကြကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်က ပြောသည်။

“အခုစစ်တပ်က အာဏာသိမ်းထားတယ်ဆိုတဲ့ အခြေအနေမျိုးမှာ စစ်တပ်က ၁၉၈၈ က အာဏာသိမ်းတဲ့ပုံစံမျိုးနဲ့ သွားမယ့်အခြေအနေမျိုးကို ဖန်တီးမယ်မထင်ဘူး။ ဒါကြောင့် စစ်တပ်ဟာ NLD က လုပ်လို့မှားခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ပြီးတည့်မတ်ဖို့လိုတယ်လို့ မြင်နေတယ်။ကျွန်တော်ကိုယ်တိုင်လည်း အဲလိုမြင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဆက်လက်၍ ဦးကျော်လွင်က “ရခိုင်မြို့နယ်ကိုးခုမှာ အင်တာနက်တွေဖြတ်တောက်ထားတယ်။ အဲဒီနေရာတွေကို တပ်မတော် (အစိုးရ) တက်လာပြီး ပြန်ဖွင့်ပေးလိုက်တယ်။ အဲတာနဲ့ဆက်စပ်ပြီး ကျွန်တော်တို့တွေးတယ်။ စစ်တပ်က အကောင်းကိုပဲ ဦးတည်မယ့်ဖက်ကိုများမယ်။ လူထုထောက်ခံမှု သူ့မှာ အရေးကြီးတယ်။ အခုချိန်မှာ ပိုပြီး လွှတ်မယ်လို့ ယုံကြည်နေတဲ့အကြောင်းအရာက အခုဗမာပြည်မှာ ဆန္ဒပြမှုတွေဟာ ပြင်းပြင်း ထန်ထန် ဖြစ်နေကြတယ်။ တိုင်းရင်းသားဒေသတွေမှာ ဆန္ဒပြမှုတွေက နည်းတယ်။ ဆိုတော့ တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေကို စည်းရုံးရမယ့်သဘောမျိုးရှိတယ်။ ရခိုင်ကိုစည်းရုံးချင်တယ်ဆိုလို့ရှိရင် ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ကို လွှတ်ပေးလိုက်ရင်ဖြစ်တယ်” ဟု ပြောသည်။

လက်ရှိတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌ အကျဉ်းကျနေသည်မှာ နှစ်နှစ်ကျော်ရှိလာပြီဖြစ်သည်။ 

NLD အစိုးရရှိစဉ်ကာလတွင် ဒေါက်တာအေးမောင်အပေါ် မတရားချမှတ်ခဲ့သော ပြစ်ဒဏ်များအား လက်ရှိ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုကာ လွှတ်ပေးနိုင်ရေးအတွက် ရခိုင့်ဦးဆောင်ပါတီကိုယ်စား မိမိတို့ပါတီ ဒုတိယဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ စာရေးသားပေးပို့ တောင်းဆိုထားကြောင်း လက်ရှိအရေးပေါ်ကာလ အပြောင်းအလဲများနှင့်ပတ်သတ်၍ ဖေဖော်ဝါရီ ၆ ရက် AFP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများတွင် နိုင်ငံရေးတင်မာမှုများလျော့ချစေချင်သည့် သဘောထားများကို မြင်ရသည့်အတွက် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်လာနိုင်သည်ဟု အကြမ်းဖျင်း မျှော်လင့်၍ရကြောင်း AFP ပါတီတာဝန်ရှိသူများက  ပြောကြားထားသည်။

ယင်းအပြင် ဒေါက်တာအေးမောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးအား ပြန်လွှတ်ပေးရေးမှာ ရခိုင့်ဦးဆောင်ပါတီ၏ အစဉ်တစိုက် တောင်းဆိုချက်ဖြစ်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား အကြွင်းမဲ့လွှတ်ပေးရေး၊ အကြမ်းဖက်ဥပဒေအရ ဖမ်းဆီးတရားစွဲဆိုခံထားရသူများ ပြန်လည်လွတ်မြောက်ရေး၊ စစ်ဘေးရှောင်ရခိုင်ပြည်သူများ နေရပ်ဒေသသို့ ပြန်လည်ရောက်ရှိရေးစသည့် ရခိုင်အကျပ်အတည်းကိစ္စရပ်များအပါအဝင် အခြားသော ရခိုင်အမျိုးသားအကျိုးစီးပွားများအတွက် ရခိုင်အမျိုးသားပါတီ၏ အမျိုးသားရေးကိုယ်စားပြုမှု လုပ်ငန်းစဉ်များကို အတက်နိုင်ဆုံး အကောင်အထည်ဖော်နိုင်ရန် လက်ရှိ တပ်မတော်အစိုးရနှင့် လိုအပ်သလို ဆက်စပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ANP ပါတီ၏ ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ရေးသားထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...