“အာဏာသိမ်းတဲ့ဖြစ်ရပ်မျိုးဟာ ဘယ်သူတွက်မှ ကောင်းကျိုးမပေးဘူး”

“အာဏာသိမ်းတဲ့ဖြစ်ရပ်မျိုးဟာ ဘယ်သူတွက်မှ ကောင်းကျိုးမပေးဘူး”
by -
ထွန်းခိုင် (နိရဥ္စရာ)

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းနှင့် အင်တာဗျူး

တပ်ကအာဏာသိမ်းမှုနှင့်အတူ မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်သွားနေမှုများ၊ တပ်ကစွပ်စွဲခဲ့သည့် မဲစာရင်းပြသနာများ၊ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲပြုလုပ်ပေးမည်ဆိုသည့် ပြောကြားမှုအပေါ် ယုံကြည်မှုများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းအား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - တပ်မတော်က အာဏာသိမ်းတဲ့အပေါ် ဆရာအနေနဲ့ ဘယ်လိုမြင်မိပါသလဲ။ ဆရာရဲ့သဘောထားကို သိချင်ပါတယ်။

ဦးဖေသန်း - မြန်မာ့နိုင်ငံရေးမှာတော့ ဒါက နိုင်ငံရေးသမားတွေနဲ့ တပ်မတော်ကြားမှာ ပဋိပက္ခဖြစ်တိုင်း သူတို့ဖက်က အာဏာသိမ်းနေကြဆိုတော့ ဒီလို့ဖြစ်တာက ဖြစ်ရိုးဖြစ်စဉ်ဆိုသလို ဖြစ်လာတာပေါ့။ ဒါပေမယ့် ဒီမိုကရေစီအစိုးရတစ်ရပ်လက်ထက်မှာ အဲလို့ဖြစ်တယ်ဆိုတာကတော့ တပ်မတော်အတွက်လည်း မကောင်းဘူး။ ပြည်သူတွေအတွက်လည်း နစ်နာတယ်။ အဲလို့ အာဏာသိမ်းတဲ့ဖြစ်ရပ်မျိုးဟာ ဘယ်သူတွက်မှ ကောင်းကျိုးမပေးဘူးလို့ဘဲ ယေဘုယျ ကျွန်တော်ပြောချင်ပါတယ်။

မေး - ဒီအရေးပေါ်ကာလပြီးဆုံးသွားတဲ့အခါ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီးေတာ့ အနိုင်ရပါတီတွေကို အာဏာလွှဲအပ်ပေးသွားမယ်လို့ တပ်မတော်က ပြောဆိုတာတွေရှိပါတယ်။ ဒီအပေါ်မှာရော ဆရာတို့အနေနဲ့ ဘယ်လောက်ထိ ယုံကြည်မှုရှိပါသလဲ။

ဦးဖေသန်း - ရွေးကောက်ပွဲမတရားဘူးဆိုပြီးတော့ သူတို့ဖက်က အကြောင်းပြချက်က အဓိကပေါ့။ ဒီတစ်ခေါက် အာဏာသိမ်းတဲ့အခါမှာ။ အရင်အာဏာသိမ်းတုန်းကတော့ ပြည်ထောင်စုပြိုကွဲမယ်။ ချောက်ကမ်းပါးကိုကျဖို့ လက်တစ်လုံးလောက်အလို၊ နှစ်လုံးလောက်အလို ဆိုပြီးတော့ သိမ်းတာ။ အကြမ်းပြချက်တစ်ခုခုကတော့ သူတို့ပေးကြတာပေါ့။ အဲလိုပဲ အရင်အစိုးရမှာလည်း ယာယီအာဏာကို ထိန်းသိမ်းလိုက်တယ်ဆိုပေမယ့်။ နှစ်ပေါင်း ၁၀ ကျော် သူတို့ စစ်အုပ်ချုပ်ရေးနဲ့ သွားခဲ့တာပဲလေ။ ဆိုတော့ ဒီအပေါ်မှာတော့ သူတို့ဆက်ပြီးတော့ အချိန်ကို ဆွဲမယ်ဆိုရင်လည်း သူတို့ကအာဏာရှိတယ်ဆိုတော့ သူတို့လက်ထဲမှာပေါ့။ အချိန်ကိုစောင့်ဆိုင်းပြီး နောက်တစ်နှစ် တိုင်းပြည်မငြိမ်သက်လို့ဘဲဖြစဖြစ်၊ ရွေးကောက်ပွဲလုပ်ပေးဖို့ အခြေအနေမပေးသေးလို့ပဲဖြစ်ဖြစ်၊ အဲလို့ အကြောင်းပြချက်နဲ့ သူတို့ နောက်ရက်တွေကို အကန့်အသတ်ဆွဲမယ်ဆိုရင်လည်း ဆွဲနိုင်တာပေါ့။ အခုအချိန်မှာတော့ သူတို့က အကြောင်းပြချက်တစ်ခုအနေနဲ့ ငြိမ်ငြိမ်သက်သက်လေးဖြစ်အောင် နှစ်ကာလအကန့်အသတ်လေးကို ဖော်ပြလိုက်တာလို့ပဲ ပြောနိုင်တယ်။ ဒါပေမယ့် ဒါက တိတိကျကျဖြစ်တယ်လို့ အချိန်ဇယားနဲ့ ချပြထားတာမဟုတ်တဲ့အတွက် ဒါကတော့ သူတို့ သဘောပေါ်မှာ မူတည်ပြီးတော့ အချိန်ဆက်ပြီးတော့ ဆွဲနိုင်တယ်လို့ပဲ ပြောပါရစေ။

မေး - ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မြို့နယ်တော်တော်များများက ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘူးဆိုတာကို တွေ့ရှိရပါတယ်။ ဆိုတော့ တပ်မတော်ကလည်း အခုပြောသလို့မျိုး ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်မယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာလည်း တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်မယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေက ဘယ်လိုရှိလာနိုင်ပါသလဲဆရာ။

ဦးဖေသန်း - တပ်မတော်ကတော့ ရွေးကောက်ပွဲဟာ မဲခိုး၊ မဲလိမ်၊ မဲမသာမာမှုများတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဓိက အာဏာသိမ်းတာပေါ့နော်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာတော့ အဲပြဿနာထက် ရခိုင်တစ်ပြည်နယ်လုံးကို ရွေးကောက်ပွဲမလုပ်ပေးနိုင်ခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိ မလုပ်ပေးခဲ့ဘူးလို့ ကျွန်တော်တို့ အစဉ်အမြဲပြောတာပေါ့။ ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲအခြေအနေကတော့ လုံးဝ တရားမျှတမှုမရှိတဲ့ အခြေအနေမျိုးဖြစ်တယ်။ ဆိုတော့ နောင်တစ်ချိန်မှာ လုပ်ပေးမယ်ဆိုရင်လည်း အဲအချိန်မှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေဟာ ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းဆလို့မရတဲ့အတွက် ဒါ သူတို့ဖက်က အကြံအစည်ပဲဖြစ်ပါလိမ့်မယ်။ သူတို့ဖက်က ပြောတာပဲဖြစ်ပါလိမ့်မယ်။ လက်တွေ့ကျကျ လုပ်နိုင်မယ်ဆိုတာကတော့ တခြားအကြောင်းအရင်းတွေ အများကြီးရှိသေးတယ်လို့ မြင်ပါတယ်။

မေး - နောက်ဖြည့်စွက်ပြီးတော့ ဘာတွေပြောချင်တာတွေရှိပါသလဲဆရာ။

ဦးဖေသန်း - အဓိကတော့ ကျွန်တော်တို့ စစ်အစိုးရပဲဖြစ်ဖြစ်၊ ဒီမိုကရေစီအစိုးရပဲဖြစ်ဖြစ် နိုင်ငံကောင်းကျိုးအတွက် လုပ်မယ်ဆိုရင် ကျွန်တော်တို့ အဆင်ပြေပါတယ်။ ဒီမိုကရေစီအစိုးရရဲ့ အာဏာရှင်ဆန်မှုကိုလည်း ကျွန်တော်တို့ ခံခဲ့ပြီးပြီ။ စစ်အစိုးရရဲ့ ဖိနှိပ်မှုကိုလည်း ကျွန်တော်တို့ ကြုံခဲ့ပြီးပြီ။ ဆိုတော့ စိတ်စေတနာကောင်းနဲ့ ကိုယ့်တိုင်းပြည်တိုးတက်ဖို့အတွက် လုပ်ကြမယ်ဆိုရင်တော့ ဒါကို ကျွန်တော်တို့က ကြိုဆိုရမှာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို ကြိုဆိုတာမဟုတ်ပါဘူး။ သူတို့ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ လုပ်လာမယ်ဆိုတဲ့ စေတနာကောင်းတွေကို  ကျနော်တို့ ကြိုဆိုတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ်တည်ငြိမ်ရေးကို လုပ်နိုင်မယ့်အစိုးရ၊ လုပ်ချင်တဲ့အစိုးရမျိုးကို ကျွန်တော်တို့က မျှော်လင့်ပါတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ပြောချင်ပါတယ်ခင်ဗျ။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...