တပ်မတော်က အာဏာသိမ်းစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံခေါင်းဆောင်များကို ပြန်လွှတ်ပေးရန်နှင့် လက်ရှိ မြန်မာနိုင်ငံ၏ ပြဿနာများကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီဖြေရှင်းပေးရန် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က တိုက်တွန်းတောင်းဆိုလိုက်သည်။
ဖေဖော်ဝါရီ ၂ ရက်တွင်ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှ တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။
PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဥက္ကာ က “အဓိကကတော့ ကျွန်တော်တို့အနေနဲ့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို အင်အားသုံးဖြေရှင်းတဲ့ဟာတော့ လက်မခံဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ရှင်းဖို့ မူကိုပဲ ကိုင်ထားတယ်ပေါ့ဗျား။ ဒါကြောင့် ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ခြွင်းချက်မရှိ ပြန်လွှတ်ဖို့ ဒါကတော့ ကျွန်တော်တို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ပြဿနာရှင်းဖို့ ဒါကတော့ ကျွန်တော်တို့ အဓိကတောင်းဆိုတာပေါ့” ဟုပြောသည်။
ယင်းသို့ ကျင်းပခဲ့သည့် PPST ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် အချက်ခုနစ်ချက်ကို တောင်းဆိုထားပြီး အဆိုပါအချက်များထဲတွင် လက်ရှိ နိုင်ငံရေးအကျပ်အတည်းအပေါ် မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူနေသည့် နည်းလမ်းဖြင့် ဖြေရှင်းခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသော ခေါင်းဆောင်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသည်ဟု ထည့်သွင်းထားသည်။
လက်ရှိဖြစ်ပေါ်နေသော ပြဿနာဖြေရှင်းရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပါဝင်ဖြေရှင်းပေးရန် PPST ၏ ထုတ်ပြန်ချက်ထဲတွင် တိုက်တွန်းထားသည်။
“အဲဒီတစ်ချက်ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီနေ့ပဲ ထိုင်ပြီလေ။ ဒီနေ့ နက်ဖြန် ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့က အသိအမှတ်ပြုပြီး ဆုံးဖြတ်တွေအတိုင်း လိုက်နာဆောင်ရွက်ဖြစ်အောင် ကျွန်တော်တို့က အားပေးမှာပေါ့ဗျား။ ကျွန်တော်တို့ကတော့ ပြည်တွင်းမှာရှိတဲ့ ဒုက္ခသုက္ခရောက်နေတဲ့ ပြည်သူလူထုတွေနဲ့အတူပေါ့ ကျနော်တို့ကလည်း ပူးပေါင်းဖြေရှင်းမယ်။ ကျွန်တော်တို့လည်း ပူးပေါင်းအဖြေရှာမယ်။ အဲဒါကြောင့် နိုင်ငံတကာကလည်း ပါလာဖို့လိုပြီလေ ဒီကိစ္စမှာ နိုင်ငံတကာမပါပဲနဲ့ ကိုယ့်အချင်းချင်းရှင်းလို့ကတော့ လိမ့်ပတ်လည်မှာမဟုတ်ဘူးဆိုပြီး ဒါ နိုင်ငံတကာက ထိထိရောက်ရောက်ပါဖို့ပေါ့။ Statement လေးဘာလေးနဲ့ မဟုတ်ပဲနဲ့ Revolution တွေ ဘာတွေချပြီးတော့ ပါဖို့ ကျွန်တော်တို့က အဲသလိုဖိတ်ခေါ်ရတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်။
ထို့ပြင် နိုင်ငံရေးပြဿနာများကို အင်အားသုံးဖြေရှင်းခြင်းမပြုပဲ ငြိမ်းချမ်းသောနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် တိုက်တွန်းကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA လမ်းကြောင်းအတိုင်း ရပ်တည်ပြီး NCA-S EAO မှ ဆောင်ရွက်သွားမည်ဟု PPST ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာ က “တစ်ဖက်က NCA ထိုးထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်သွားမှာပေါ့ဗျား။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရပ်နားထားလို့မရဘူး။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီလုပ်ငန်းက ဆက်လုပ်ရမယ်ဆိုတော့ ဘယ်လိုကာလမျိုးမှာဖြစ်ဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ ကျွန်တော်တို့က လက်မလွတ်ပဲနဲ့ ဆက်လက်ဆောင်ရွက်မယ် ဆောင်ရွက်တဲ့နေရာမှာလည်း NCA သတ်မှတ်ပြဌာန်းချက်အတိုင်း လုပ်မယ်ပေါ့ ရှေ့လုပ်ငန်းစဉ်ကတော့ အဓိက အဲဒါပါပဲ” ဟုပြောသည်။
ကမ္ဘာ့ကပ်ရောဂါ COVID- 19 ကြောင့်လည်းကောင်း လက်ရှိ နိုင်ငံရေးပြဿနာအပေါ် အင်အားသုံးဖြေရှင်းခြင်းကြောင့်လည်းကောင်း၊ ပြည်သူလူထုတစ်ရပ်လုံး တွေ့ကြုံရသော အခက်အခဲများကို သဘောပေါက်နားလည်ပြီး ပြည်သူလူထုနှင့်အတူ ပူးပေါင်းဖြေရှင်းသွားမည်ဟု PPST က ပြောသည်။
NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ကရင်အမျိုးသားဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်သည် တရားမျှတမှုမရှိဟုဆိုကာ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာသိမ်းယူခဲ့ပြီး အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူတစ်ချို့ကို ဖမ်းဆီးထိမ်းသိမ်းထားခဲ့ကြသည့်အတွက် အမြန်ဆုံးပြန်လွှတ်ရေးပေးရန် NCA အပစ်ရပ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် အဖွဲ့အစည်းအသီးသီးမှ တပ်မတော်အား တောင်းဆိုထားကြသည်။