နိုင်ငံတော်အာဏာသိမ်းစဉ် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်မြင့်နှင့် အင်တာဗျူး
တပ်မတော်အာဏာသိမ်းမှုတွင် ထိန်းသိမ်းခံရကာ ပြန်လည်လွတ်မြောက်လာသည့် ဗန်းမော်မြို့နယ်မဲဆန္ဒနယ် အ မှတ် ၂မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်မြင့် ထိန်းသိမ်းခံရစဉ်ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ် များနှင့်ပတ်သက်ပြီး ယခုလိုဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။
မေး - ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ကို သိချင်ပါတယ်။
ဒေါ်ဇာခြည်မြင့် - မနေ့က မနက်သုံးနာရီမှာလာခေါ်တယ်။ ရဲကမေးစရာလို့ပါ။ သူတို့ကစစ်တပ်ကပါ ခဏလိုက် ခဲ့ပါဆိုပြီး လာခေါ်ပါတယ်။
မေး - ဘယ်ကိုခေါ်သွားပြီးနောက် ဘယ်နေရာမှာ ထိန်းသိမ်းထားလဲ။ စစ်ဆေးမေးမြန်းတာတွေရှိလား။
ဒေါ်ဇာခြည်မြင့် - ဟိုရောက်တဲ့အချိန်မှာ အရာရှိရိပ်သာမှာဘဲထားတယ်။ ကျွန်မတို့ကိုကောင်းကောင်းမွန်မွန်ဘဲ ထားပါတယ်။ကျွန်မတို့ကို လာခေါ်တဲ့အရာရှိကပြောတယ်- သူတို့ကအချုပ်သားမဟုတ်ဘူး။ အကျဉ်းသားတွေ မဟုတ်ဘူး။ ဧည့်သည်တွေဖြစ်လို့ ဧည့်သည်လိုဘဲ ဆက်ဆံပေးဖို့ လက်ဖျားနဲ့တောင်မထိဖို့ ဘာမှမေးမြန်းစ ရာမလိုဘူးဆိုတဲ့အကြောင်း၊ လိုအပ်တာတွေအကုန်လုံးပြီးပြည့်စုံအောင်ထားဖို့ ပြောပြီးထားခဲ့တယ်။ စစ်ဆေးမေး မြန်းတာတွေဘာမှမလုပ်ပါဘူး။
မေး - အဲလိုခေါ်သွားခံရတဲ့အပေါ်ဘယ်လိုခံစားရလဲ။ ဘာဖြစ်လို့လဲဆိုရင် ဆရာမက အမျိုးသမီးတစ်ဦးဖြစ်တယ်။ ပထမဆုံးရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်လည်းဖြစ်တဲ့ချိန်ကျတော့ ဘယ်လိုတွေ ခံစားရလဲ။
ဒေါ်ဇာခြည်မြင့် - လာခေါ်တဲ့အချိန် ခဏလိုက်ခဲ့ပါလို့ပြောတဲ့ခါမှာ ကိုယ့်အတွက်ဘာမှစိတ်ပူတာ၊ စိုးရိမ်တာ ဘာမှမဖြစ်ဘူး။ ဘာဖြစ်လို့လဲ ဆိုရင်ကျွန်မမိဘက နိုင်ငံရေးသမားတွေဆိုတော့ ဒီလိုမျိုးအတွေ့အကြုံတွေက အရင်ကတည်းကရှိပြီးသားဆိုတော့ အရင်တုန်းကလည်း မိဘတွေကို အဲလိုခေါ်တာမျိုးတွေရှိတယ်။ သူတို့လာခေါ်တာက အရင်တုန်းကအတိုင်းပါဘဲ။ ဒီလိုဘဲ ပြတင်းပေါက်ကနေ ကျော်ဝင်ပြီး ခေါ်တာပေါ့။ပြီးတော့ ကိုယ့်နိုင်ငံအတွက် ဝမ်းနည်းမိသွားတာတော့ ရှိတယ်။ ငါတို့နိုင်ငံအရင်လို ပြန်ဖြစ်သွားပြီလားဆိုတဲ့စိတ်တွေဖြစ်မိ တယ်။
မေး - ဒီလိုအခြေနေတွေရောက်လာလိမ့်မယ်လို့ ခန့်မှန်းမိတာမျိုး၊ သတိပေးခံရတာမျိုးရှိခဲ့လား။
ဒေါ်ဇာခြည်မြင့် - ခုနောက်ပိုင်းသတင်းစာရှင်းလင်းပွဲတွေ နားထောင်တဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ စိတ်ထဲမှာ သိပ်ပြီးမထားဘူး။ ဖြစ်ရင်လည်း ဖြစ်လာနိုင်တဲ့အနေထားမျိုးရိပ်မိတာမျိုးရှိတယ်။ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့အ ရင်တုန်းက အာဏာသိမ်းတဲ့ချိန်မှာလည်း ဗိုလ်ချုပ်ကြီးနေဝင်းပြောခဲ့သလိုဘဲ စစ်တပ်ဆိုတာသေနတ်ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူးဆိုတာ ပြောခဲ့ပြီးတော့ အာဏာသိမ်းခဲ့တာကိုး ခုလည်းသူတို့ပြော တဲ့စကားတွေနားထောင် ကြည့်လိုက်ရင် မလုပ်ဘူးလို့တော့ ယူဆလို့မရဘူးလေ။အဲကြောင့် ဖေဖော်ဝါရီ ၁ရက် မတိုင်ခင်မှာတောင် ့ပိုစ့်တစ်ခုတင်လိုက်သေးတယ်။ ကိုယ့်ရဲ့စိတ်ကိုလည်း ပြင်ဆင်ထားပါတယ်။ အဲကြောင့်မို့လာခေါ်တဲ့ချိန်မှာလည်း အေးဆေးလိုက်သွားတာ။
မေး - တပ်ကညွှန်ကြားထားတာတွေရှိလား။
ဒေါ်ဇာခြည်မြင့် - ဟုတ်.. ဒီရက်ပိုင်းခရီးသွားတာတွေ မလုပ်ဖို့တော့ ပြောပါတယ်။
မေး - ဘာများဖြည့်စွပ်ပြောချင်ပါလဲ။
ဒေါ်ဇာခြည်မြင့် - ဒီလိုတွေကြုံတွေ့လိုက်ရတော့ အရင်ထက်ကို ပိုပြီးသန်မာလာတယ်။ အဲကြောင့် ဆက်ပြီးတော့ လုပ်ဆောင်ရမယ့်အရာတွေ ပိုပြီးလုပ်ဆောင်သွားမယ်လို့ပြောချင်ပါတယ်။
ကချင်ပြည်နယ်အတွင်း ဖေဖော်ဝါရီ ၁ရက်က ထိန်းသိမ်းခံရသူ ဝန်ကြီးချုပ်အပါအဝင်၊မြို့နယ်ပါတီဥက္ကဌများ စုစုပေါင်း ၃၀ကျော်ခန့်ရသော်လည်း ဖေဖော်ဝါရီ ၂ရက်တွင် ပြန်လည်လွတ်မြောက်မှုများရှိသော်လည်း စာရင်းအတိ အကျမသိရှိရသေးပေ။