တပ်မတော်က နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ခြင်းက ဒီမိုကရေစီ အသွင်ကူပြောင်းရေးလုပ်ငန်းစဉ်များကို ကြီးမားစွာအဟန့်အတားဖြစ်စေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သဘောထားကြေညာချက်ကို ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်လိုက်သည်။
တပ်မတော်က နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်များကို ဖမ်းဆီး၍ နိုင်ငံတော် အာဏာသိမ်းယူလိုက်ခြင်းနှင့်ပတ်သက်၍ KNU ၏သဘောထားကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ်အပေါ် လေးနက်မှုမရှိကြောင်းကို ပြသခြင်းဖြစ်ကာ စိန်ခေါ်မှုများစွာရှိနေသော နိုင်ငံ၏ အနာဂတ်အရေးကို ဆိုးဝါးစွာထိခိုက်စေမည်ဖြစ်ကြောင်း KNU က သတိပေးထားသည်။
တပ်မတော်က ဖေဖေါ်ဝါရီ ၁ ရက်တွင် NLD ပါတီခေါင်းဆောင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များအပါအဝင်၊ ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများနှင့် အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးထိန်းသိမ်း၍ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ခြင်းအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU က အနာဂတ်အတွက် လွန်မင်းစွာ ပူပန်မှုဖြစ်ပေါ်ရကြောင်း ထိုထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ထို့ပြင် ယခုအချိန်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေသည့် ကာလဖြစ်ခြင်းကြောင့် နိုင်ငံခေါင်းဆောင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ချွင်းချက်မရှိလွှတ်ပေးပြီး နိုင်ငံရေး ပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် အလေးအနက်တောင်းဆိုကြောင်းလည်း KNU က တိုက်တွန်းလိုက်သည်။
ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် အတူတကွ ရပ်တည်သွားမည်ဟု ဆိုသည်။