တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်လိုက်သည်။
မကြာသေးမီရက်ပိုင်းက “ဥပဒေကိုမလိုက်နာရင် ဖျက်သိမ်းပစ်ရမယ်” ဟု ပြောဆိုချက်အပေါ် “၂၀၀၈ အခြေခံဥပဒေကို တပ်မတော်ကဖျက်သိမ်းမည်” ဟူသည့် သဘောမျိုးသက်ရောက်အောင် လိုရာဆွဲပြောဆိုနေကြောင်း တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဝေဖန်ရေးသားထားသည်။
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့်ဟု ဇန်နဝါရီ ၂၇ က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ အကြီးတန်းအရာရှိများကို မိန့်ခွန်းပြောကြားစဉ် ယင်းစကားရပ်ကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲရလဒ်အပေါ်အကြောင်းပြု၍ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအခြေစိုက် သံရုံး ၁၅ ရုံး၊ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ ၁၂ ဖွဲ့နှင့် သံဃာ့အဖွဲ့အစည်းများက ထုတ်ပြန်ချက်များ အသီးသီးကြေညာခဲ့ပြီး သံရုံးများက သမ္မတသစ် တင်မြှောက်ရေးလုပ်ငန်းစဉ် ငြိမ်းချမ်းစွာဆောင်ရွက်နိုင်ရန် တိုက်တွန်းရေးသားထားပြီး ရွေးကောက်ပွဲစောင့်ကြည့် ၁၁ ဖွဲ့က နိုင်ငံတည်ငြိမ်အောင် လုပ်ဆောင်ရေး ဆော်ဩထားသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက ဥပဒေနှင့်အညီ ငြိမ်းချမ်းညှိနှိုင်းဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင် မြွက်ကြားထားသည်။
ယခုရက်ပိုင်းတွင် တပ်၏ အာဏာသိမ်းမယောင်ပြောဆိုချက်၊ အခြေခံဥပဒေကို ဖျက်ပစ်မယောင် ပြောဆိုချက်များ ဆိုရှယ်မီဒီယာတွင် လွှင့်တင်ဖြန့်ဝေခြင်းများ ကျယ်ကျယ်ပြန့်ပြန့်ရှိသလို ဝေဖန်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။
Published
Sunday, January 31, 2021
အခြေခံဥပဒေကို ကာကွယ်စောင့်ရှောမည်ဟု တပ်မတော်ကြေညာ