ပြီးခဲ့သည့် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ မဲရလဒ်အရ အဦးဆုံး ခေါ်ယူလိုက်သည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပမည့်ရက်ကို မူလကြေညာထားသည့် ၁ရက်နေ့အစား နောက်တစ်ရက်ရွှေ့ဆိုင်း၍ ဖေဖော်ဝါရီ ၂ ရက်တွင်ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်ကို နိုင်ငံပိုင်မီဒီယာကတဆင့် ယနေ့နေ့လယ်ပိုင်းတွင် အသိပေးကြေညာခဲ့ခြင်းဖြစ်ပြီး ထိုသို့ပြင်ဆင်လိုက်ခြင်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးရန်နှင့် ဆက်စပ်နိုင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မှတ်ချက်ပြုပြောကြားခဲ့သည်။
မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၈မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုဒေါ်မြတ်သီတာထွန်းက “အကြောင်းရင်းတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် အရင် ၂၀၁၅ တုန်းကလည်း ပြည်သူ့လွှတ်တော်က အရင်ပေါ့နော်။ ကျွန်မတို့က နောက်တစ်ရက်ဆုတ်တယ်။ အခုနောက်ဆုတ်တဲ့ကိစ္စကလည်း ကြီးကြီးမားမား စိုးရိမ်စရာမရှိပါဘူး” ဟုပြောကြားသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များကို ကိုဗစ်ကာကွယ်ဆေး ထိုးခြင်းများ ပြုလုပ်ပေးနေပြီး ကိုဗစ်ကာကွယ်ဆေး၏ နောက်ဆက်တွဲ ကျန်းမာရေး ကိစ္စများကြောင့် ယခုကဲ့သို့ ပြင်ဆင်လိုက်ခြင်း ဖြစ်နိုင်ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မွန်ညီညွတ်ရေးပါတီအမတ် မိလဝီဟန်က ဆိုသည်။
မိလဝီဟန်က “ ကာကွယ်ဆေးထိုးပြီးတော့ ကိုက်ခဲတာတွေ၊ ဖျားတာတွေ ရှိနိုင်တယ်ဆိုတော့ ကျွန်မတို့က အဲဒါတွေပြီးမှ လွှတ်တော်တက်ရမှာမို့ အဆင်ပြေအောင်ရွှေ့လိုက်တာ ဖြစ်နိုင်ပါတယ်။ တစ်ခြားအကြောင်းရင်းတော့ မရှိပါဘူး ” ဟု ရှင်းပြသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးကိုမူ မူလ သတ်မှတ်ထားသည့်အတိုင်း ဖေဖော်ဝါရီ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုလျှင် ပြည်သူ့လွှတ်တော်သက်တမ်း စတင်သည့်နေ့ရက်မှာ အမျိုးသားလွှတ်တော်သက်တမ်းစတင်သည့်နေ့ရက်ပင် ဖြစ်သည်။
Published
Saturday, January 30, 2021
တတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေး နောက်တစ်ရက်ဆုတ်မှု စိုးရိမ်စရာမရှိ
ပုံစာ - ကိုဗစ်ကာလအတွင်းက အမျိုးသားလွှတ်တော် အဆောက်အအုံတွင် ပိုးသတ်ဆေးဖျန်းရန် လုပ်ဆောင်နေမှု မြင်ကွင်း။ ဓာတ်ပုံ - အမျိုးသားလွှတ်တော်