ကယားပြည်နယ်လွှတ်တော်သက်တမ်း ငါးနှစ်ပြည့်သွားသော်လည်း လွှတ်တော်ဝန်းအတွင်းမှာစိုက်ထူထားသော ဟစ်တိုင်ကို ပြည်သူများအသုံးပြုခွင့်မရှိခဲ့ကြောင်း ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယ) တွင် ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက နှုတ်ဆက်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောဆိုသွားခဲ့သည်။
“ကျွန်တော်ရည်ရွယ်ချက်ကတော့ ဆန္ဒပြမယ် မကျေနပ်ချက်ဘာညာပြောမယ်ဆိုလို့ရှိရင် မြို့ထဲမှာ လူတွေရှုပ်မယ်။ ကားလမ်းတွေပိတ်မယ်ပေါ့။ မကျေနပ်တာလည်း မြန်မာနိုင်ငံသား ဖြေရှင်းပေးရမှာလည်း မြန်မာနိုင်ငံသားပေါ့။ ပေါင်းစပ်ပေးတာလည်း မြန်မာနိုင်ငံသားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဟာဆောက်ခဲ့တယ်ပေါ့။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ ငါးနှစ်သာပြည့်သွားတယ်။ ဒါကြီးက အသုံးပြုခွင့်မရှိခဲ့ပါဘူး” လို့ လွှတ်တော်ဥက္ကဌ ဦးလှထွေးက ပြောပါတယ်။
လွှတ်တော်ဟစ်တိုင်ကို စိုက်ထူရခြင်းရည်ရွယ်ချက်သည် ပြည်သူများ၏ဆန္ဒများကို ဟစ်တိုင်တွင် လာရောက်ဖော်ထုတ်ပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရတာဝန်ရှိသူတွေက ဖြေရှင်းပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ဦးလှထွေးကဆိုပါတယ်။
သို့သော်လည်း အဆိုပါဟစ်တိုင်ကို အသုံးပြုခွင့်တစ်ကြိမ်သာရရှိခဲ့ပြီး ကရင်နီလူငယ်အင်အားစုအဖွဲ့က ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်၍ ဝန်ကြီးချုပ်နှင့် စီမံ/ဘဏ္ဍာဝန်ကြီးကို နုတ်ထွက်ပေးရေးအတွက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းပြုလုပ်သည့် ဆန္ဒထုတ်ဖော်ထုတ်မှုဖြစ်ကာ နောက်ပိုင်းတွင် ငြိမ်းစုစီဥပဒေနှင့်ငြိသောကြောင့် ဟစ်တိုင်ကို အသုံးပြုခွင့်မရတော့ကြောင်း သိရသည်။
“ဒါတွေကို ဟန်ပြသဘောသာထားခြင်းကတော့ လုံးဝကို ဒီမိုကရေစီလည်းမဆန်သလို လွှတ်တော်ရဲ့ဆောင်ပုဒ် ”ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” ဆိုတဲ့အခြေနေတွေ လုပ်ဆောင်ဖို့အတွက် ဟစ်တိုင်ကလိုအပ်သလို ဒီအပေါ်မှာ စည်းကမ်းသတ်မှတ်ချက်တွေမထားဘဲနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရ ဒီမိုကရေစီစံချိန်စံနှုန်းအရ ခွင့်ပြုပေးသင့်တယ်။ အဲဒီလိုခွင့်ပြုမှသာလျှင် လွှတ်တော်နဲ့ဟစ်တိုင်ထားရှိရကျိုးနပ်လိမ့်မယ်” ဟု ပြည်နယ်အရေးလေ့လာစောင့်ကြည့်သူ ကိုကျော်ထင်အောင်ကပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ပြည်နယ်အစိုးရက ဥပဒေကိုအကြောင်းပြု၍ ဆန္ဒဖော်ထုတ်မှုများကို ကန့်သခဲ့သလို၊ လွှတ်တော်ဥပဒေပိုင်းဆိုင်ရာအရ ပြည်ထောင်စုလွှတ်တော်က ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်မှုများ အများကြီးလုပ်ဆောင်ခဲ့ခြင်းကြောင့် လွှတ်တော်ဟစ်တိုင်၌ ဆန္ဒဖော်ထုတ်မှုများ ခွင့်ပြုလို့မရခဲ့ကြောင်း ကိုကျော်ထင်အောင်က သုံးသပ်သည်။
“ငြိမ်းစုစီဥပဒေရှိတဲ့အတွက် အဲဒါနဲ့ငြိတယ်ဆိုပြီးတော့မှ မလုပ်ရတာပေါ့။ အရင်တုန်းက ဗိုလ်ချုပ်ကြေးရုပ်နဲ့ဆန္ဒပြပြီးတော့မှ ကျွန်တော့်ဆီမှာ တစ်ရက်လာတောင်းမယ်ဆိုပြီးတော့မှ ကျွန်တော့်အနေနဲ့ တော်တော်လေးရှင်းခဲ့ရတယ်။ ပွင့်ပွင့်လင်းလင်းပြောတာ။ အမှန်က ကျတော်ပြောခဲ့သလိုပဲ ဆန္ဒပြတာလည်း မြန်မာနိုင်ငံသားပဲ။ အပြခံရတာလည်း မြန်မာနိုင်ငံသားပဲ။ ဖြေရှင်းပေးတာလည်း မြန်မာနိုင်ငံသားပဲ။ သုံးဦးသုံးဖက် သူလည်း သူအစာမကြေတဲ့ဟာပြောပြ။ ဒီကလည်းပဲ သူလုပ်ပေးနိုင်တာပြောပြ။ အလယ်ကလည်းဖြေလို့ရှိရင် ကောင်းမှာပဲ။ ပြည်သူအတွက်ပေါ့ အဓိကကတော့” ဟု ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက ဆက်လက်ပြောသည်။
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးနောက်ဆုံးရက်အဖြစ် ဇန်ဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး ယင်းရက်၌ပင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
တတိယအကြိမ် ပြည်နယ်လွှတ်တော်ကိုလာမည့် ဖေဖော်ဝါရီ ၉ ရက်တွင် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။