ရွေးကောက်ပွဲကာလအလွန်ကာလ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရသူ ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုတည်းပင် သုံးဦးအထိရှိကြောင်း သိရသည်။
အဆိုပါဥပဒေဖြင့် အမှုဖွင့်ခံရသူများမှာ ရခိုင်အခြေစိုက် Development Media Group မှ ဒု-တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံ၊ မနှင်းနွယ်နှင့် မောင်တောအခြေစိုက်သတင်းထောက် ကိုအောင်ကျော်မင်းတို့ဖြစ်ကြသည်။
၎င်းတို့ထဲမှ ကိုနေဝင်းစံနှင့် မနှင်းနွယ်အား “ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ စပါးတောင်း (၇၀၀) ကို တပ်မတော်သားများ ယူဆောင်သွားဟုဆို” ခေါင်းစဉ်ဖြင့် DMG သတင်းဌာနတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က ရေးသားဖော်ပြခဲ့သည့်အတွက် တပ်မတော်ကို အသရေဖျက်သည်ဟုဆိုကာ ဇန်နဝါရီ ၂၂ ရက်တွင် တပ်မတော်သား ဗိုလ်မှူးဘုန်းမြင့်ကျော်က စစ်တွေမြို့ အမှတ် (၂) နယ်မြေရဲစခန်း၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
၎င်းအပြင် ယင်းသတင်းဌာန၏ မောင်တောအခြေစိုက်သတင်းထောက် ကိုအောင်ကျော်မင်းကိုလည်း ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၁၁ ရက်က လမ်းတံတားဦးစီးဌာနက တရားလိုလုပ်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒု-တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့သည် ယမန်နေ့က စစ်တွေမြို့အမှတ် (၂) ရဲစခန်းတွင် လာရောက်စစ်ဆေးခံခဲ့ရာ အာမခံရရှိခဲ့ရကြောင်း သိရသည်။
၎င်းတို့နှစ်ဦးမှာ တစ်ဦးလျှင် ငွေ (၁၅) သိန်းဖြင့် အာမခံပေးခဲ့ရပြီး အမှုဖွင့်ခံရသူ မနှင်းနွယ်အသုံးပြုနေသောဖုန်းနှင့် Dell Laptop တစ်လုံးကိုလည်း သိမ်းဆည်းထားလိုက်ကြောင်း သိရသည်။
၎င်းသတင်းအား ရေးသားတင်ပြချိန်တွင် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားတင်ပြခဲ့ခြင်းဖြစ်သည်ဟု ကိုနေဝင်းစံက ဆက်ပြောသည်။
“အဓိကတော့ ဒေသခံတွေရဲ့ နစ်နာချက်နဲ့ပတ်သက်ပြီးတော့ ဖော်ပြခဲ့တာဖြစ်တယ်။ အခုစွပ်စွဲသလို့ တပ်မတော်ကို ထိခိုက်နစ်နာစေချင်တဲ့အတွက်ကြောင့်ဖော်ပြခဲ့တာမဟုတ်ဘူး။ ဒေသခံတွေရဲ့ ပြောဆိုချက်အပေါ် မူတည်တယ်။ ပြီးတော့ သတင်းဘက်မျှအောင်အတွက် တပ်မတော်ဖက်ကို ကျွန်တော် တို့ဆက်သွယ်တယ်။ တပ်မတော်ဖက်ကို ဆက်သွယ်လို့မရတဲ့အခါကျမှာ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးကိုဆက်သွယ်တယ်။ အဲလိုမျိုးအကြိမ်ကြိမ် ကျွန်တော်တို့ဆက်သွယ်ပြီးမှ မရနိုင်တဲ့အဆုံးမှာ ဒီသတင်းကို ကျွန်တော်တို့ဖော်ပြခဲ့ရတယ်။ ကျနော်တို့ကတော့ သတင်းမီဒီယာကျင့်ဝတ်အတိုင်း ကျွန်တော်တို့လုပ်ခဲ့တယ်လို့ပြောချင်တယ်” ဟု ၎င်းကပြောသည်။
တပ်မတော်အနေဖြင့် တိုက်ရိုက်အမှုမဖွင့်ဘဲ သတင်းမီဒီယာကောင်စီကနေတဆင့် ဆောင်ရွက်စေချင်ကြောင်း မနှင်းနွယ်ကပြောသည်။
“အမျိုးသမီးတစ်ယောက်အနေနဲ့ စိုးရိမ်မှုတွေဖြစ်မိတာပေါ့။ ကျွန်မရဲ့မိသားစုတွေကလည်း ပိုပြီးတော့ စိုးရိမ်နေကြတယ်။ ကျွန်မတို့ကတော့ ဒီသတင်းကို အထောက်အထားခိုင်ခိုင်မာမာနဲ့ ရေးသားခဲ့တာဖြစ်တယ်။ တပ်မတော်အနေနဲ့လည်း တိုက်ရိုက်အမှုမဖွင့်ဘဲ သတင်းမီဒီယာကောင်စီကနေတဆင့် သွားပေးဖို့တောင်းဆိုချင်တယ်” ဟု မနှင်းနွယ်ကပြောသည်။
ထို့ပြင် DMG သတင်းဌာန၏အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို ပြီးခဲ့သော ၂၀၁၉ ခုနှစ် မတ် ၁၁ ရက်က သတင်းတပ်ဖွဲ့ (SB) က တရားလိုလုပ၍ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၂) ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင အမှုဖွင့်ခံရသူ DMG သတင်းဌာနတစ်ခုတည်းပင် အယ်ဒီတာနှစ်ဦးနှင့် သတင်းထောက်နှစ်ဦး စုစုပေါင်း လေးဦးရှိပြီဖြစ်ကြောင်း သိရသည်။