ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒု-ဥက္ကဌ ဦးကွမ်ဂရောင်အောင်ခမ်းနှင့် အင်တာဗျူး
ရွေးကောက်ပွဲနောက်ပိုင်းကာလများတွင် မဲသမာမှုဖြစ်နိုင်သော စာရင်းများကို တပ်မတော် အစဉ်တစိုက်ထုတ်ပြန်ခဲ့ပြီး ၎င်းစာရင်းများကို UEC နှင့် အစိုးရတို့က မဖြေရှင်းပေးခြင်းသည် နိုင်ငံ့အကျပ်အတည်းကိုဖြစ်စေကြောင်း တပ်မတော်က ယူဆလျက်ရှိသည်။ ထို့ကြောင့် ယခုရွေးကေက်ပွဲရလဒ်ကို လွတ်လပ်၍ တရားမျှတပြီး ပွင်းလင်းမြင်သာသည့်ရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒအမှန် ထင်ဟပ်မည်ဖြစ်၍ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (င) (စ) တို့အား တပ်မတော်က ကိုးကားထားသည်။
ထို့အတူ ဇန်နဝါရီ ၂၆ ရက်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အာဏာမသိမ်းဘူးဟု ယူဆ၍မရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ ထို့သို့ တပ်မတော်က ထုတ်ပြန်ခဲ့သည့် မဲမသာမှုဖြစ်နိုင်သောစာရင်းများနှင့် အာဏာမသိမ်းဘူးဟု ယဆ၍မရကြောင်း ပြောကြားချက်များနှင့်ပတ်သက်၍ တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ သဘောထားအမြင်များကိုသိစေရန် ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒု-ဥက္ကဌ ဦးကွမ်ဂရောင်အောင်ခမ်းအား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး - တပ်မတော်က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲစာရင်းမှားယွင်းမူတွေကို ထုတ်ပြန်နေတယ်။ ခုနောက်ပိုင်းဆို ထုတ်ပြန်ချက်တွေ ပိုပြီးစိပ်လာတယ်လို့ပြောလို့ရတယ်။ ဒီဟာက တပ်မတော်က ဘယ်လမ်းကြောင်းကို ဦးတည်နေတယ်လို့ ယူဆနိုင်လဲ။
ဦးကွမ်ဂရောင်အောင်ခမ်း - ပြောဖို့တော့ခက်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် တပ်မတော်အနေနဲ့သူပြောနေတဲ့ဟာက သူ့အနေနဲ့ ပါဝင်ပတ်သက်ဖို့ ကြိုးစားနေတဲ့အပိုင်းတွေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူ့လုပ်ဆောင်နေတဲ့အချက်ကိုကြည့်ချင်းအားဖြင့် အခြေခံဥပဒေဟာ သူတို့ရေးဆွဲတဲ့ဟာဖြစ်နေတော့ သူ့တို့အနေနဲ့ပါဝင်ဖို့ ကြိုးစားနေတဲ့ပုံစံဖြစ်တယ်လို့ မြင်နေရတယ်။
မေး - တပ်မတော်ဘက်က ထုတ်ပြန်ချက်တွေ တောက်လျှောက်ထုတ်ပြန်နေပေမယ့်လည်း UEC ဘက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်သာ အပြီးအပြတ်ဖြစ်တယ်ဆိုပြီးပြောတယ်။ နှစ်ဖက်စလုံးက ဥပဒေဘောင်အတွင်း လုပ်ဆောင်နေတယ်ဆိုပြီး ပြောတဲ့အနေအထားတွေ့နေရတယ် ဒီပေါ်မှာ သုံးသပ်ပေးစေချင်ပါတယ်။
ဦးကွမ်ဂရောင်အောင်ခမ်း - နှစ်ဖက်စလုံးက ဥပဒေဘောင်အတွင်း လုပ်ဆောင်နေကြတယ်ဆိုပြီးတော့ ပြောနေတာဘဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိ်ုယ်လိုရာအဓိပ္ပါယ်ဖွင့်ပြီး ပြောနေကြတယ်လို့မြင်တယ်။ ဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အမြဲပြောနေတာက ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ပြန်လည်ရေးဆွဲဖို့ တင်ပြနေတာဖြစ်တယ်။ ခုပုံစံမျိုးက ကြံ့ခိုင်ဖွံ့ဖြိုးရေးကလည်း သူတို့အလိုကျရေးဆွဲခဲ့တဲ့ဟာကို ပြင်ဆင်ဖို့ကလည်း ကြိုးစားနေတယ်။ ဒါပေမယ့် လက်ရှိ NLD ကလည်း အာဏာရတဲ့အချိန်မှာ သူကိုယ်တိုက်ကကလည်း အဲဒီဟာကို မပြင်ဘဲနဲ့ သူကိုယ်တိုင်ကိုင်စွဲပြီးမှ သွားနေတယ်လို့မြင်တယ်။
မေး - ဒီတိုင်းဆက်သွားမယ်ဆိုရင် ရှေ့ဆက်ထိပ်တိုက်ရင်ဆိုင်မူတွေ ဖြစ်လာနိုင်လား။ ထိပ်တိုက်ရင်ဆိုင်မူဖြစ်လာရင် ဘာတွေဆက်ဖြစ်လာနိုင်လဲ။
ဦးကွမ်ဂရောင်အောင်ခမ်း - အဲနေရာမှာ ကျနော်တို့အမြင်ကိုပြောရရင် တပ်မတော်နဲ့ NLD အစိုးရဟာ ထိပ်တိုက်ဖြစ်လာတယ်လို့ မြင်တယ်။ထိပ်တိုက်ရင်ဆိုင်မူရဲ့နောက်ကွယ်မှာ အဓိက ပြည်သူလူထုဟာ အခက်ခဲတွေနဲ့ကြုံလာမယ့် အပိုင်းတွေဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ထိပ်တိုက်ရင်ဆိုင်မူတွေဖြစ်လာရင် အာဏာသိမ်းမှုဖြစ်လာမယ်။ အဲတော့ သူတို့အချင်းချင်းအားပြိုင်မူမှာ ပြည်သူတွေ အခက်အခဲများစွာဖြစ်လာနိုင်တယ်။
မေး - တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ယူဆမရဘူးပြောလာတယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောသလို တကယ်သိမ်းနိုင်လား။ ဘယ်လိုမြင်ပါသလဲ။
ဦးကွမ်ဂရောင်အောင်ခမ်း - တစ်ခုရှိနိုင်တာကတော့ အာဏာသိမ်းမလား။ ဒါမှမဟုတ် ဥပဒေအကြောင်းအရ ထိန်းသိမ်းလာနိုင်လားဆိုတဲ့အပိုင်းကို စဉ်းစားစရာအချက်တွေ ဖြစ်လာနိုင်တယ်။ တစ်ကယ်လို့ ခုလို တိုင်ပင်ညှိနိူင်းဆောင်ရွက်မူမျိုးမရှိဘူးဆိုရင်လည်း ငါးနှစ် ဘာမှလုပ်လို့မရဘူး။ အဲဒီဟာလည်း အစိုးရဘက်ကနေ စဉ်းစားရမယ့်အချက်ဖြစ်တယ်။ အာဏာထိန်းပြီးမှ သွားမယ်ဆိုရင်လည်း နှစ်နှစ်တိတိသွားရမယ့်ကိစ္စဖြစ်တယ်။ ဒါပြီးမှ ဘာမှရလဒ်ရှိမှာမဟုတ်ဘူး။ အဲတော့ ဒီတိုင်းရှေ့ဆက်သွားရင် အာဏာသိမ်းမှုကတော့ ဖြစ်လာနိုင်ခြေရှိပါတယ်။ အာဏာသိမ်းမူတွေဖြစ်လာမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ပျက်ပြယ်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ၁၉၄၇ ခုနှစ်ကရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်းတဲ့အခါ ပျက်ပြယ်သွားတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းတွေကို ပြန်ကြည့်မယ်ဆိုရင် အာဏာသိမ်းလိုက်ပြီဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေလည်း ပျက်ပြယ်သွားနိုင်တယ်။
မေး - အာဏာသိမ်းတာဖြစ်ဖြစ်၊ အာဏာထိန်းသိမ်းဖြစ်ဖြစ် အဲလိုအခြေနေရောက်လာမယ်ဆိုရင်ကော နိုင်ငံ့အခြေအနေက ဘယ်တွေဆက်ဖြစ်လာနိုင်မလဲ။
ဦးကွမ်ဂရောင်အောင်ခမ်း - အဲလိုအာဏာသိမ်းမူတွေ အာဏာထိ်န်းသိမ်းတဲ့ဟာဖြစ်ဖြစ် ဖြစ်လာပြီဆိုရင် ဒီမိုကရေစီလမ်းကြောင်းအတွက် အဟန့်အတားကြီးဖြစ်လာနိုင်တယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီခရီးဟာ အင်မတန်မှ စိုးရိမ်ရတဲ့အခြေနေဖြစ် သွားလိမ့်မယ်။
မေး - ဆရာတို့ တိုင်းရင်းသားပါတီအနေနဲ့ လက်ရှိဖြစ်နေတဲ့အပေါ် ဖြည့်စွပ်ပြောချင်တာလေးရှိရင် ပြောနိုင်ပါတယ်။
ဦးကွမ်ဂရောင်အောင်ခမ်း - NLD ကလည်း ဖြေရှင်းလို့ရရဲ့သားနဲ့ မဖြေရှင်းဘဲသွားတယ်၊ စစ်တပ်ကလည်း ဖြေရှင်းလို့ရဲ့သားနဲ့ မဖြေရှင်းဘဲနဲ့ သွားတယ်ဆိုရင် ပြသာနာတွေ နောက်ဆုံး သူတို့နှစ်ဖွဲ့မှာဘဲ တာဝန်ရှိတယ်လို့ပြောလိုပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ၊ ပြည်သူတွေ အမှန်တစ်ကယ်လိုချင်တဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကြီးကိုတော့ သွားဖို့လိုတယ်။ အဲဒီမှာ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းနဲ့သွားရင်တော့ ပိုကောင်းပါတယ်။ ခုပုံစံမျိုးနဲ့ NLD ကလည်း သူသွားချင်တဲ့ပုံစံ သူလုပ်ချင်တဲ့ပုံစံနဲ့ သွားနေတယ်။ စစ်တပ်ကလည်း ထိုနည်းလည်းကောင်းဘဲ ဒီလိုသာဆက်သွားမယ်ဆိုရင် အကျိုးရလဒ်က အနာဂတ်အတွက်ဖြစ်ဖြစ် ခုလက်ရှိအတွက်ဘဲဖြစ်ဖြစ် ရလဒ်ကောင်းရမှာမဟုတ်ဘူး။ အဲတော့ အကောင်းဆုံးက ညှိနှိုင်းအဖြေရှာပြီး လုပ်ဆောင်စေချင်တယ်။