နောင်အနာဂတ်တွင် ဒီမိုကရေစီစံနနှုန်းများကိုအခြေခံ၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖော်ဆောင်ပေးရန် CNLD တောင်းဆို

နောင်အနာဂတ်တွင် ဒီမိုကရေစီစံနနှုန်းများကိုအခြေခံ၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖော်ဆောင်ပေးရန် CNLD တောင်းဆို
by -
Salai Benezer (KMG) & Chin World

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲမသာမှုများရှိခဲ့ကြောင်း ထောက်ပြဝေဖန်မှုများရှိလာသည့်အတွက် နောင်အနာဂတ်တွင် ဒီမိုကရေစီစံနှုန်းများကို အခြေခံကာ လွတ်လပ် ပြီးတရားမျှတသော ရွေးကောက်ပွဲကို ဖော်ဆောင်ပေးရန် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD ပါတီက ဇန်နဝါရီ ၂၅ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။

“အဓိကထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်က အစိုးရသက်တမ်းနှစ်ဆက်ရှိလာတယ်။ မဲစာရင်းပြုစုတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့မှ နိုင်ငံရေးပါတီတွေနဲ့ အငြင်းပွားမှုတွေ အမြဲတမ်းရှိရှိနေတယ်။ မဲစာရင်းပြုစုတာကို မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်စေချင်တယ်။ ဒီမဲစာရင်းက ဘယ်အပေါ်မှာ အခြေခံလည်းဆိုတာ အဓိက ကျလာတယ်။ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာဆိုရင် လဝကရဲ့ အိမ်ထောင်စုစာရင်းအရ အခြေခံထားတယ်။ ရွေးကောက်ပွဲကာလအတွင်း ထဲမှာကြည့်ရင် အသက်မပြည့်သေးတဲ့သူတွေ တော်တော်များများ မဲပေးပိုင်ခွင့်ရ သွားကြတယ်၊ အဲဒါကြောင့် ဘယ်ဟာကို အခြေခံလည်းဆိုတာ အရမ်းကိုအရေးကြီးတယ်။ ရွေးကောက်ပွဲကာလတင်မဟုတ်ဘဲနဲ့ နောင်အတွက်လည်း အရမ်းအရေးကြီးပါတယ်”ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD ပါတီအတွင်းရေးမှူး ဆလိုင်းရှိန်းထွန်ကပြောသည်။

CNLD ပါတီ၏ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားကာ တိုင်းရင်းသားရင်ကြားစေ့ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ဦးတည်ဆောင်ရွက်နေသည့် ကာလ ဖြစ်ပြီး ယင်းကာလအတွင်း တိုင်းရင်းသားပြည်သူတရပ်လုံးအကြား မဲရလဒ်အပေါ် ဒွိဟဖြစ်နေသည့် ကိစ္စရပ်များကြောင့် မလိုလားအပ်သော နိုင်ငံရေးပြသနာများ ပေါ်ပေါက်နိုင်မှုအပေါ်  စိုးရိမ်မကင်းဖြစ်ရသည့်ဟု သုံးသပ်ကြောင်း ထည့်သွင်းရေးသားထားသည်။

ထို့ကြောင့် နောင်အနာဂတ်တွင် တိုင်းရင်းသားပြည်သူများအကြား ပွင့်လင်းမြင်သာ၍ တာဝန်ယူမှု တာဝန်ခံမှုရှိသည့် ဒီမိုကရေစီစံနှုန်းများကိုအခြေခံကာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ဖော်ဆောင်ပေး နိုင်ရန် သဘောထားထုတ်ပြန်အပ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

မြို့နယ်ကိုးခုရှိသော ချင်းပြည်နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ကိုးနေရာ၊ အမျိူးသားလွှတ် တော်မဲဆန္ဒနယ်မြေ ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ ၁၈ နေရာ စုစုပေါင်း မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့်အနက် NLD ပါတီက ၃၆ နေရာ၊ ဇိုမီးဒီကရေစီအဖွဲ့ချူပ် ZCD ပါတီက နှစ်နေရာနှင့် CNLD ပါတီက တစ်နေရာသာ ရရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တရားမျှတမှုမရှိဟုဆိုကာ ကွန့်ကွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တပ်မတော်ပေါင်း၍ ရွေးကောက်ပွဲကို ပြန်ကျင်းပရန် တောင်းဆိုမှုများရှိခဲ့သည်။

 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့်စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီ ၁၇ ရက်က ၂၁ ကြိမ်မြောက်ထုတ်ပြန်ချက်အရ ချင်းပြည်နယ် ကိုးမြို့နယ်လုံးတွင် မဲမသမာမှုပြုနိုင်သော မဲစာရင်းစုစုပေါင်း ၄၄၇၆၇ ဦးရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...