လာမည့် အစိုးရသစ်ရွေးချယ်ရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို အကတိကင်းသော ရှမ်းလူမျိုးသာဖြစ်သင့်ကြောင်း ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုရာတွင် သက်သေအဖြစ်ပါဝင်ခဲ့သူ အသက် ၉၄ စကွယ်စော်ဘွား စဝ်စိန်လင်းက အကြံပြုပြောကြားလိုက်သည်။
“အဘိုးက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဖွဲ့နိုင်ရေးနဲ့ပတ်သက်ပြီး အကြံပြု၊ တောင်းဆိုချင်တာက ဒီတစ်ခေါက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းစစ်စစ်ဖြစ်တာ အကောင်းဆုံးပါပဲ။ NLD ပါတီ တစ်ပါတီတည်း သစ္စာရှိလို့မရဘူးလေ။ ပြည်ထောင်စုအစိုးရအနေနဲ့ကို သစ္စာရှိတဲ့သူဖြစ်ရမယ်” စဝ်စိန်လင်း ကပြောသည်။
ပြည်နယ်တိုးတက်မှ ပြည်ထောင်စုအေးချမ်းသာယာမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွက် အရေးကြီးဆုံးမှာ ငြိမ်းချမ်းရေး ရရှိနိုင်ရန်ဖြစ်သောကြောင့် ယခုတစ်ခေါက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မည့်သူသည် သမာသမတ်ကျသောသူဖြစ်ရမည်ဖြစ်ပြီး၊ အကတိကင်းစင်သော ရှမ်းလူမျိုးကိုရွေးချယ်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တောင်းဆိုကြောင်း ၎င်းကပြောသည်။
စဝ်စိန်လင်းသည် စကွယ်စော်ဘွားအဖြစ် ၁၉၄၆ ခုနှစ်တွင် နန်းတက်ခဲ့ပြီး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော စော်ဘွားများအနက် အသက်အငယ်ဆုံးနှင့် ရှမ်းပြည်နယ်တွင် သက်ရှိထင်ရှားကျန်ရစ်သူ စော်ဘွားတစ်ဦးဖြစ်သည်။
ထို့ပြင် စဝ်စိန်လင်းသည် ၂၀၁၇ ခုနှစ်ခန့်က ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် ငွေကျပ် သိန်း ၅၀ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ လှူဒါန်းခဲ့ဖူးကြောင်း သိရသည်။