NLD အနေဖြင့် တိုင်းရင်းသားပါတီများတွင် တွေ့ဆုံနေသော်လည်း ANP ပါတီနှင့်တွေ့ဆုံရန် ယနေ့ထိ ကမ်းလှမ်းမှုမရှိသေး

NLD အနေဖြင့် တိုင်းရင်းသားပါတီများတွင် တွေ့ဆုံနေသော်လည်း ANP ပါတီနှင့်တွေ့ဆုံရန် ယနေ့ထိ ကမ်းလှမ်းမှုမရှိသေး
by -
မင်းထွန်း (DMG)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ဒေါက်တောအောင်မိုးညိုဦးဆောင်၍ တိုင်းရင်းသားပါတီများအား လှည့်လည်တွေ့ဆုံဆွေးနွေးနေသော်လည်း ရခိုင်အမျိုးသားပါတီ (ANP) နှင့်ဆွေးနွေးရန် ဇန်နဝါရီ ၂၅ ရက်အထိ တရားဝင်ကမ်းလှမ်းခြင်းမရှိသေးကြောင်း ANP ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ယင်းသို့ NLD ဘက်မှ လက်ရှိအချိန်ထိ အကြောင်းကြားခြင်းမရှိသော်လည်း တွေ့ဆုံဆွေးနွေးမှုများဖြစ်လာရေးအတွက် မျှော်လင့်ကြောင်း ANP ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“ကျွန်တော်တို့က ဆွေးနွေးဖို့ကို မျှော်လင့်တယ်။ ဒါပေမယ့် သူတို့ (NLD) ဘက်က ဆွေးနွေးမှုလည်းမလာဘူး။ ကိုယ်ဟာနဲ့ ကိုယ်လုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က အတက်နိုင်ဆုံးကြိုးစားပြီးတော့ ပြည်သူ့ကိုယ်စားလှယ်တွေပါဝင်တဲ့ လွှတ်တော်အားကိုယူပြီး အစိုးရနဲ့ check and balance လုပ်ဖို့၊ ကြိုစားရဖို့ဆိုတဲ့ အတိုင်း အတာပဲရှိမယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံနေသည့် NLD ကိုယ်စားလှယ်အဖွဲ့တွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ ပါဝင်သည်။

ရခိုင်ပြည်နယ်တွင် မဲအများဆုံး အနိုင်ရရှိထားသည့် (ANP) ပါတီနှင့် ဆွေးနွေးရန် ရှိ/မရှိအခြေအနေနှင့် ပတ်သတ်၍ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ဒါကတော့ လက်ရှိဒု-ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒီညှိနှိုင်းရေးအဖွဲ့က ဆုံးဖြတ်မှာပါခင်ဗျာ။ ဆုံးဖြတ်လုပ်ပိုင်ခွင့်က သူတို့မှာပဲရှိတယ်။ ဆုံးဖြတ်မယ့်အချိန်ကိုတော့ သူတို့ကိုပဲ မေးရမှာပါ၊ သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်းသွားမှာပါခင်ဗျာ” ဟု ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ လာမည့်တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီ (ANP) မှ ခုနစ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမွ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအပါအဝင် ငါး ဦး၊ ရခိုင့်ဦးဆောင် (AFP) ပါတီမှ နှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီမှတစ်ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ငါးဦး စုစုပေါင်း ၂၀ ဦး တက်ရောက်ခွင့် ရရှိထားပြီးဖြစ်သည်။

NLD အနေဖြင့် ရခိုင်ပြည်နယ်ကောင်းကျိုးကို ရှေ့ရှုလျှင် ရခိုင်နိုင်ငံရေးပါတီများကို ဆွေးနွေးဖော်၊ ဆွေးနွေးဖက်အဖြစ် အသိမှတ်ပြု၍ လက်ချင်းတွဲပြီး ဆောင်ရွက်သင့်ကြောင်း ဦးဖေသန်းက ပြောသည်။

“ရခိုင်ပြည်မှာရှိတဲ့ စိန်ခေါ်မှုတွေ၊ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ NLD အနေနဲ့ ရခိုင်အမျိုးသားပါတီနဲ့ မဆွေးနွေးရင်တော့ ဒီဖြစ်စဉ်တွေရဲ့ ရှေ့မှာအားနည်းသွားမယ့်အတိုင်းအတာရှိတယ်။ရခိုင်ပြည်မှာရှိတဲ့ အင်အားအကြီးဆုံးပါတီဖြစ်တဲ့ ANP နဲ့ ညှိနှိုင်းဆွေးနွေးပြီး ရခိုင်ပြည်တည်ငြိမ်ရေးကို ကြိုးစားသွားမယ်ဆိုရင် ကျွန်တော်တို့မျှော်လင့်နေတဲ့ ငြိမ်းချမ်းကိုရနိုင်မယ်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ရနိုင်မယ်” ဟု ဆိုသည်။

NLD အနေဖြင့် ANP ပါတီမှ ကိုယ်စားလှယ်များအပါအဝင် ကျန်ရခိုင်ပါတီများမှ ကိုယ်စားလှယ်များကို ဆွေးနွေးဖော်၊ ဆွေးနွေးဖက်ဟု သဘောမထားဘဲ ၎င်းတို့အနေဖြင့် တစ်ပါတီတည်းလုပ်ဆောင်လျှင် ရခိုင်ပြည်နယ်တည်ငြိမ်ရေးကို လုံးဝထိန်းနိုင်မည်မဟုတ်ကြောင်း ၎င်းကပြောသည်။

တစ်ဖက်တွင် အစိုးရသစ်ဖွဲ့ရန်အတွက် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်။

အလားတူ တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ထိုနေ့တွင် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းများ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခြင်း ပြုလုပ်သွားမည်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...