ရွေးကောက်ပွဲအလွန် ကချင်ပြည်နယ် ဖားကန့်တွင် ကိုဗစ်ကူးစက်ခံရသူ ၅၁၆ ဦးဖြစ်လာပြီး သေဆုံးသူ နှစ်ဦးအထိရှိလာကြောင်း သိရသည်။
အဆိုပါပြည်နယ် ဖားကန့်တွင် ကိုဗစ်ကူးစက်ခံရသူ ငါးရာကျော်အနက် လုံးခင်းကျေးရွာမှ အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်ကသေဆုံးခဲ့ပြီး ၂၀၂၁ ဇန်နဝါရီ ၂၄ ရက်ကလည်း လုံခင်းကျေးရွာ ရပ်ကွက် ၄ မှအသက် ၈၃ နှစ်အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ၈၃ နှစ်အရွယ် အမျိုးသားသည် အသက်ရှုကြပ်သည့် ဝေဒနာခံစားရပြီး လုံးခင်းပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ဆေးရုံသို့ရောက်ရှိပြီး နှစ်ရက်အကြာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ၈၃ နှစ်အရွယ်အမျိုးသားတစ်ဦး ထပ်မံသေဆုံးခြင်းနှင့်ပတ်သက်၍ လုံးခင်းဆေးရုံအုပ်ကြီး ဒေါက်တာကျော်မျိုးထွန်းက “၂၂ ရက်နေ့ကအသက်ရှုကြပ်လို့ ဆေးရုံရောက်လာတယ်။ Swab ယူပြီး မြစ်ကြီးနားပို့ပြီးစစ်တာ Positive ထွက်တယ်။ ၂၄ ရက် မနက်တစ်နာရီကျော်လောက်မှာ ဆုံးသွားတာ” ဟု ပြောသည်။
ယခုအခါ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုကို ကျန်းမာရေးဝန်ကြီးဌာနမှ Stay at Home အဖြစ်သတ်မှတ်ထားသည့် ကျေးရွာအုပ်စု ဖြစ်ပြီး ဖားကန့်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၅၁၆ ဦး ရှိနေပြီဖြစ်ကာ ဆေးကုသမှုခံယူနေသူ ၈၉ ဦးရှိသည်။
ကချင်တစ်ပြည်နယ်လုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၈၈၃ ဦးရှိပြီဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇန်နဝါရီ ၂၃ ရက် ထုတ်ပြန်ချက်အရသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၃၇၀၉၈ ဦးရှိပြီဖြစ်ပြီး ယင်းအနက် ပြန်လည်သက်သာသူ ၁၂၁၁၂၄ ဦး၊ သေဆုံးသူပေါင်း ၃၀၄၅ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၃ ရက် ထုတ်ပြန်ချက်အရသိရသည်။
Published
Monday, January 25, 2021
ရွေးကောက်ပွဲအလွန် ဖားကန့်တွင် ကိုဗစ်ဖြစ်ပွားသူ ငါးရာကျော်လာပြီး သေဆုံးသူ နှစ်ဦးအထိရှိ