၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီက အစိုးရကို ပြန်လည်ဖွဲ့စည်းသည့်နည်းတူ ကချင်ပြည်နယ်၏ မြို့နယ်စည်ပင်သာယာရေးကော်မတီများကို လာမည့် ဖေဖော်ဝါရီလအတွင်း အပြီးဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက ပြောသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီများ၏ သက်တမ်းသည် ၂၀၂ဝခုနှစ်၊သြဂုတ် ၂၈ ရက်ပြန်လည်ပြင်ဆင်သည့် စည်ပင်ဥပဒေအရ အစိုးရသက်တမ်းနှင့်အတူ ထမ်းဆောင်ရမည်ဖြစ်သောကြောင့် ယခုပြန်လည်ဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရသည်။
“အရင်တုန်းက ကော်မတီသက်တမ်းက သုံးနှစ်ကို ပြန်လည်ပြင်ဆင်လိုက်တဲ့ဥပဒေမှာက ငါးနှစ်ဆိုပြီး ပြန်ပြင်လိုက်တယ်။ အဲဒီငါးနှစ်က အစိုးရသက်တမ်းနဲ့အညီဖြစ်ရမယ်။ ပြန်လည်ဖွဲ့စည်းမယ့်ကော်မတီက သက်တမ်းငါးနှစ်ထမ်းဆောင်ရမယ်။ အဲခါကျတော့ ကျွန်တော်တို့ ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ကျတော့ ကချင်ပြည်နယ်လွှတ်တော်ကနေရေးဆွဲပြဌာန်းတဲ့ ဥပဒေအတိုင်းသွားနေတဲ့ခါကျတော့ လာမယ့်စည်ပင်သာယာရေးကော်မတီကို ဖေဖော်ဝါရီလမှာအပြီးဖွဲ့စည်းသွားမယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီကပြောသည်။
ယင်းသို့ ပြင်ဆင်သည့်ဥပဒေအား ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ်၊ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြခဲ့ရာ စတုတ္ထမြောက်နေ့အစည်းအဝေးတွင် လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ တာဝန်ထမ်းဆောင်နေသည့် စည်ပင်သာယာရေးကော်မတီအဖွဲ့များသည် ယခုအစိုးရသက်တမ်းနှင့်အတူ တာဝန်ပြီးဆုံးမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။
ပြန်လည်ဖွဲ့စည်းသွားမည့် စည်ပင်ကော်မတီအား ကြီးကြပ်ရွေးချယ်ရန် ကြီးကြပ်ရွေးချယ်ရေးအဖွဲ့ အရပ်သားလေးဦး၊ ဝန်ထမ်း သုံးဦး၊ မြို့မိမြို့ဖ ငါးဦးပါဝင်သည့် စီစစ်ရွေးချယ်ရေးအဖွဲ့မှ စီစစ်သွားမည်ဖြစ်ပြီး စီစစ်ရွေးချယ်ထားသူများအား သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ပေးပို့ကာ အတည်ပြုချက်ရယူရမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးက ဆိုသည်။
လက်ရှိတာဝန်ထမ်းဆောင်နေသည့် မြို့နယ်စည်ပင်ကော်မတီအဖွဲ့များ၏ သက်တမ်းသည် ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ်၊ မတ်လတွင် ကုန်ဆုံးပြီဖြစ်သော်လည်း ကျန်းမာရေးအခြေနေကြောင့် ပြည်နယ်အစိုးရမှ ပြန်လည်လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖားကန့်မြို့နယ်တွင် ယာယီစည်ပင်ကော်မတီအဖွဲ့အား ပြန်လည်ဖွဲ့စည်းခဲ့သော်လည်း အငြင်းပွားမှုများစွာဖြစ်ပေါ်ခဲ့သေးသည်။
“စည်ပင်ကော်မတီမှာ ဥပဒေရှိတယ်။ မဲအများဆုံးရတဲ့သူကို ဥက္ကဌတင်မြောက်ရမယ်ဆိုတာ ဥပဒေမှာမပြဌာန်းထားဘူး။ မဲအများဆုံးရတဲ့နှစ်ယောက်ကို ဝန်ကြီးကနေတစ်ဆင့် ပြည်နယ်အစိုးရကို တင်ပြရမယ်။ ပြည်နယ်အစိုးရကနေ အတည်ပြုတဲ့သူကိုဘဲ စည်ပင်ဥက္ကဌအဖြစ်တာဝန်ပေးရမယ်ဆိုတာဘဲ ကော်မတီရွေးချယ်ခြင်းရဲ့ နောက်ဆုံးအဆုံးအဖြတ်က ပြည်နယ်အစိုးရဖြစ်တယ်” ဟု စည်ပင်ဝန်ကြီးက ပြောသည်။
ကချင်ပြည်နယ်တွင် ခရိုင်လေးခရိုင်ရှိကာ၊ မြို့နယ် ၁၈ မြို့နယ်ရှိကာ မြို့နယ်အဆင့် စည်ပင်ကော်မတီအသစ် ပြန်လည်ရွေးချယ်ရာတွင် အငြင်းပွားမူများမဖြစ်အောင် အကောင်းမွန်ဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကချင်ပြည်နယ်စည်ပင်ဥပဒေတွင်အခန်းပေါင်း ၁၉ ခန်းပါရှိပြီး ၂၀၁၃ ခုနှစ် မေလ ၂၀ ရက်တွင် စတင်ပြဌာန်းခဲ့သည်။
ထို့နောက် NLD အစိုးရလက်ထက် ၂၀၁ရ ခုနှစ် သြဂုတ် ၉ ရက်တွင် ပထမအကြိမ် စည်ပင်ဥပဒေအား ပြန်လည်ပြင်ဆင်ခဲ့ပြီး ဒုတိယအကြိမ်ပြန်လည်ပြင်ဆင်ခြင်းကိုမူ ၂၀၂ဝ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။