မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အသစ်များ မိတ်ဆက်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး တက်ရောက်ခြင်းမရှိကြောင်း သိရသည်။
လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်အသစ်များကို ပြီးခဲ့သည့် ဒုတိယအကြိမ်လွှတ်တော်အတွင်းက ဆောင်ရွက်ချက်များကို လွှဲပြောင်းခြင်းဆိုင်ရာများပြုလုပ်နိုင်ရန် ယခုလို မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
“မိတ်ဆက်ပွဲဆိုတာက လွှတ်တော်သက်တမ်း တစ်ခုနဲ့တစ်ခုကြား အကူးအပြောင်းမှာဆိုရင် လွှတ်တော်အတွေ့အကြုံရှိခဲ့တဲ့ ကိုယ်စားလှယ်တွေလည်းရှိတယ်။ လုံးဝအစိမ်းသက်သက် အသစ်ကိုယ်စာလှယ်တွေလည်း ရှိတဲ့အခါကျတော့ နောင်တက်လာတဲ့ လွှတ်တော်ကိုယ်စာလှယ် အသစ်တွေလည်း လက်ရှိအစိုးရသက်တမ်းမှာ ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ မှီညမ်းကိုးကားရမဲ့ ဥပဒေတွေ၊ ဒုတိယ သက်တမ်းအတွင်းမှာ လုပ်ငန်းစဉ်ဆောင်ရွက်ချက်တွေ အဲ့တာတွေအကုန်လုံးကို လွှတ်တော်ကိုယ်စားလှယ် အဟောင်းရော အသစ်ရော သိရှိအောင်မျှဝေပေးမယ့် အစီစဉ်အနေနဲ့ပြုလုပ်တာဖြစ်တယ်” ဟု လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ဇန်နဝါရီ ၁၃ ရက်ကပြောကြားထားသည်။
ယင်းအခမ်းအနားကို ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်နေရာတွင် ထပ်မံအနိုင်ရခဲ့သည် လက်ရှိဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ NLD ပါတီ မွန်ပြည်နယ်ဥက္ကဌ ဒေါက်တာခင်ဆောင်၊ မော်လမြိုင်မြို့နယ်မဲဆန္ဒနယ် ၁ မှ လက်ရှိပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါက်တာထိန်လင်း၊ မဲဆန္ဒနယ်အမှတ် ၂ မှ ဒေါ်နွယ်နွယ်အောင်၊ ပေါင်မြို့နယ်မဲဆန္ဒနယ် ၁ မှ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးထွန်းမင်း အောင်တို့အပါအဝင် ကိုယ်စားလှယ် ၁၂ ဦး မတက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်းအတွင်း လွှတ်တော် ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည့် ဒေါ်တင်အိ ကိုယ်တိုင်ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မိတ်ဆက်ပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနိုင်ရကိုယ်စားလှယ် ငါးဦး၊ မွန်ညီညွတ်ရေးပါတီ MUP အနိုင်ရကိုယ်စားလှယ် ခြောက်ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်ခြောက်ဦးတို့သာ တက်ရောက်ခဲ့ကြောင်း သိရသည်။