ပြီးခဲ့သည့် လွှတ်တော်သက်တမ်းငါးနှစ်အတွင်း ကချင်ပြည်နယ်မှ ရွေးကောက်ခံကိုယ်စားလှယ်များအနေဖြင့် စစ်ရှောင်များ၏ အခန်းကဏ္ဍများအား ဆောင်ရွက်ပေးခြင်းမျိုး အလွန်အားနည်းခဲ့ကြောင်း စစ်ရှောင်စခန်းအချို့မှ တာဝန်ခံများကပြောသည်။
“လွှတ်တော်ကိုယ်စားလှယ်တွေက ကျွန်တော်တို့ စစ်ရှောင်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လွှတ်တော်မှာ ဘာမှတင်ပြခဲ့တာမရှိဘူး ပြောစရာကိုမရှိဘူး။စစ်ရှောင်မရှိဘူးဆိုပြီးမှတောင် လက်မှတ်ထိုးခိုင်းခဲ့တာမျိုးတွေတောင်ရှိခဲ့တယ်” ဟု ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ၊ ရောဘတ်စစ်ရှောင်စခန်းမှ တာဝန်ခံ ဆရာတန်ဂွန်းကပြောသည်။
၂၀၁၅-၂၀၂၀ လွှတ်တော်သက်တမ်း ငါးနှစ်တွင် ကချင်ပြည်နယ်နယ်လွှတ်တော်၌ ရွေးကောက်ခံကိုယ်စားလှယ် ၄ဝ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၃ ဦး စုစုပေါင်း ၅၃ ဦးရှိခဲ့သည်။
၎င်းတို့အနက် အင်ဂျန်းယန်မြို့နယ်မှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်သည် စစ်ရှောင်အရေးကိစ္စများအား လွှတ်တော်တွင် အနည်းငယ်တင်ပြခဲ့ဖူးသော်လည်း ထိရောက်အောင် လုပ်ဆောင်နိုင်ခြင်းမတွေ့ကြောင်း မြစ်ကြီးနားမြို့နယ်၊ ပလနစစ်ရှောင်စခန်းမှ ဆရာဘရန်ရှောင်က ပြောသည်။
“လွှတ်တော်မှာ စစ်ရှောင်နဲ့ပတ်သက်ပြီးမှ လေးလေးနက်နက် ဆွေးနွေးတာမျိုးသိပ်မရှိဘူး ပြောရမယ်ဆိုရင် ကျနော်တို့အင်ဂျန်းယန်က ရွေးကောက်ခံရတဲ့ ဆရာမဒေါ်ဂျာဆိုင်းခေါန်တော့ တစ်ခါတစ်လေတင်ပြတာတွေ့ရတယ်။ ဒါပေမယ့် ထိရောက်အောင် လုပ်ဆောင်နိုင်တာမျိုးမရှိဘူး။တစ်ချို့လွှတ်တော် ကိုယ်စားလှယ်တွေဆို ကျနော်တို့စစ်ရှောင်တွေကို စစ်မရှောင်သင့်ဘဲရှောင်တယ် ဆိုတဲ့ဟာမျိုးထိ ပြောတဲ့လူတောင်ရှိတယ်” ဟု ပလနစစ်ရှောင်စခန်းမှ ဆရာဘရန်ရှောင်ကပြောသည်။
ကချင်ပြည်နယ်တွင်း လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်နဲ့ ကချင်လက်နက်ကိုင်များအကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင်း စစ်ရှောင်လူဦးရေပေါင်း တစ်သိန်းကျော်ခန့်ရှိခဲ့သည်။
“ကျွန်မတို့ မဲပေးခဲ့ကြတယ် ဒီစစ်ရှောင်တွေအရေးကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်ပေးကြမှာဘဲဆိုပြီး ဝိုင်းဝန်းမဲပေးခဲ့တယ်။ ဒါပေမယ့် လွှတ်တော်သက်တမ်း ၅ နှစ်တာကုန်သွားတာ ကျမတို့စစ်ရှောင်အရေးကို တင်ပြပေးတယ်ဆိုတာ မကြားဖူးဘူး” ဟု ချီဖွေစစ်ရှောင်စခန်းမှ ဒေါ်ခေါင်နန်းကပြောသည်။
လက်ရှိချိန်တွင် စစ်ရှောင်များနေရပ်ပြန် အစီစဉ်များအား အစိုးရနှင့် ကချင်အရပ်ဘက်အဖွဲ့အစည်းများ၊ KHCC တို့ကလုပ်ဆောင်နေပြီး ကျေးရွာအချို့မှစစ်ရှောင်များသည် နေရပ်ပြန်နေပြီဖြစ်သည်။
သို့သော် အချို့သောဒေသများသည် စစ်ရေးအခြေအနေအရသော်လည်းကောင်း ပြန်ခွင့်မရရှိသေးသည့် ကျေးရွာများလည်း များစွာကျန်ရှိနေသေးသည်။
စစ်ရှောင်များ စစ်ဘေးရှောင်ဘဝရောက်ရှိခဲသည့်မှာ ဆယ်စုနှစ်တစ်ခုရှိလာပြီဖြစ်သဖြင့် စစ်ရှောင်များအနေဖြင့် မိမိဒေသသို့ ပြန်လည်နေထိုင်ရန်လည်း ပြင်ဆင်နေကြပြီး လာမည့်အစိုးရသစ်တွင် စစ်ရှောင်များအားလုံး နေရပ်ပြန်နိုင်ရေး စွမ်းစွမ်းတမံလုပ်ဆောင်ပေးရန် မျှော်လင့်လက်ရှိကြောင်း သိရသည်။