ရခိုင်တွင် နေရာအများဆုံးအနိုင်ရရှိထားသည့် ANP နှင့်တွေ့ဆုံရန် NLD ဘက်က ကမ်းလှမ်းမှုမရှိသေး

ရခိုင်တွင် နေရာအများဆုံးအနိုင်ရရှိထားသည့် ANP နှင့်တွေ့ဆုံရန် NLD ဘက်က ကမ်းလှမ်းမှုမရှိသေး
by -
ထွန်းခိုင် (နိရဥ္စရာ)

ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် NLD ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရခိုင်တွင် နေရာအများဆုံးအနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီ (ANP) နှင့် တွေ့ဆုံရန် ကမ်းလှမ်းလာမှုမရှိသေးဟု ပါတီမှတာဝန်ရှိသူများက ပြောသည်။

 

ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက “လောလောဆယ်တော့ သတင်းမီဒီယာက တစ်ဆင့်အခြားသောဒေသခံပါတီတွေ နဲ့ တွေ့ဆုံမှုတွေရှိတယ်။ ဒါပေမယ့်တွေ့ဆုံမှု ပျက်သွားတာတွေလည်း တွေ့ရတယ်။ လက်ရှိအချိန်ထိတော့ ကျွန်တော်တို့ပါတီကို တရားဝင်ကမ်းလှမ်းလာတာမျိုး မရှိသေးဘူး။ ကမ်းလှမ်းလာရင်တော့ ကမ်းလှမ်းမှုပေါ်မူတည် ဆုံးဖြတ်မှာပါ။ ပါတီနဲ့ တွေ့ဆုံတာမျိုး မဟုတ်ဘဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များတွေနဲ့သာ တွေ့ဆုံမယ် ဆိုရင်တော့ ဒါကတော့ မဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

 

NLD မှ နိုဝင်ဘာ ၁၂ ရက်က ပေးပို့သော စာတစ်စောင်ကိုသာလက်ခံရရှိခဲ့ပြီး တွေ့ဆုံညှိနိူင်းမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိသေးဟု ဦးသာထွန်းလှက ဆက်ပြောသည်။

 

NLD ပါတီ ရွေးကောက်ပွဲအနိုင်ရပြီးနောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၉ ရက်က NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

 

NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်ပေးချက်အရ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည့်အဖွဲ့တွင် ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ပါဝင်သည်။

 

၎င်းနောက် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရန် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်သို့သွားရောက်ခဲ့ရာ မွန်ညီညွတ်ရေးပါတီ (Mon Unity Party/MUP) နှင့် တွေ့ဆုံမည့် အစီအစဉ်မှာ ပျက်ပြားသွားခဲ့သည်ဟု သိရသည်။

 

ရခိုင်အမျိုးသားပါတီ (ANP) မှ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က “ပါတီနဲ့တွေ့ဆုံဖို့ကိစ္စကို ပါတီဗဟိုအလုပ်အမှုဆောင်မှ ဆုံးဖြတ်မှာပါ။ ပါတီရဲ့မူအနေနဲ့ကတော့ တွေ့ဆုံမှုတွေ၊ နိုင်ငံရေးကိစ္စ ဆွေးနွေးမှုတွေဆုံးဖြတ်ရမှာက ပါတီဗဟိုအလုပ်မှုဆောင်က ဆုံးဖြတ်ရမှာပါ” ဟုပြောသည်။

 

၂ဝ၂ဝ နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်မှ ကျင်းပခွင့်ရခဲ့သည့် မြို့နယ်ရှစ်ခုတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခုနစ်နေရာဖြင့် အများဆုံးအနိုင်ရရှိထားပြီး ၂ဝ၁၅ ရွေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာအများစုကို အနိုင်ရရှိခဲ့သော်လည်း အစိုးရဖွဲ့ခွင့်မရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် လက်ရှိတွင် ကိုဗစ်ကာလဖြစ်သောကြောင့် ဒေသခံပါတီများနှင့် တွေ့ဆုံခြင်းမရှိဘဲ အနိုင်ရပါတီကိုယ်စားလှယ်များဖြင့်သာ တွေ့ဆုံဆွေးနွေးပြီး NLD ဗဟိုထံတင်ပြနေကြောင်း သိရသည်။

 

၎င်းအဖွဲ့သည် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရာတွင် နေရာရွေးချယ်မှုနှင့်ပတ်သက်ပြီး အဆင်မပြေမှုများရှိနေသလို အနိုင်ရပါတီ ကိုယ်စားလှယ်များဖြင့်သာတွေ့ဆုံရန်နှင့် ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး အဆိုပါအဖွဲ့အစည်းအနေဖြင့် တစ်စုံတစ်ရာဆုံးဖြတ်ချက် မပေးနိုင်သဖြင့် ဝေဖန်မှုများလည်း ရှိနေသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...