NLD ပါတီကို ဖက်ဒရယ်အရေး၊ တိုင်းရင်းသားများအရေးအပါအဝင် အချက် ၁၅ ချက်တင်ပြခဲ့ဟု TNP ၏ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်ပြော

NLD ပါတီကို ဖက်ဒရယ်အရေး၊ တိုင်းရင်းသားများအရေးအပါအဝင် အချက် ၁၅ ချက်တင်ပြခဲ့ဟု TNP ၏ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်ပြော
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအား ဖက်ဒရယ်အရေး၊ တိုင်းရင်းသားများအရေးအပါအဝင် အချက် ၁၅ ချက်တင်ပြခဲ့ကြောင်း ဆွေးနွေးပွဲအပြီးတွင် တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ၏ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်က ပြောသည်။

NLD နှင့် ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတစ်ချို့သည် ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းကတွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှု နာရီပိုင်းမျှကြာမြင့်ခဲ့ကာ တိုင်းရင်းသားများအရေး၊ ဖက်ဒရယ်အရေးများနှင့် တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဒီတွေ့ဆုံမှုကသဘောတူညီချက်တော့ မဟုတ်ပါဘူး ကျွန်တော်တို့တင်ပြချင်တာလေးကို တင်ပြပေးလိုက်တယ် သူတို့ကနေပြီး ဗဟိုကို ပြန်တင်ပြပေးမှာပေါ့၊ တင်ပြစရာရှိတာတော့ တင်ပြပြီးပြီ NLD က တိုင်းရင်းသားတွေအပေါ် ဘယ်လိုသဘောထားတယ်ဆိုတဲ့ မူဝါဒအပေါ် ဆွေးနွေးတယ်။  ဖယ်ဒရယ်ပြည်ထောင်စုအရေးပေါ့၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးတယ်” ဟု တအာင်း (ပလောင်) အမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင် ကပြောသည်။

ယင်းသို့ NLD နှင့် တွေ့ဆုံဆွေးနွေးရာတွင် တင်ပြခဲ့သည့် အချက် ၁၅ ချက်နှင့်ပတ်သက်၍ အသေးစိတ်ကိုမူ ဖြေကြားသွားခဲ့ခြင်း မရှိသော်လည်း ယေဘုယျအားဖြင့် ဒီမိုကရေစီနှင့် ဖယ်ဒရယ်ပြည်ထောင်စုအရေးကိစ္စများတွင် တိုင်းရင်းသားပါတီများအနေနှင့် မည်သို့ပူးပေါင်းဆောင်ရွက်သွားရန် စသည့် အရေးကိစ္စများ အဓိကထား ဆွေးနွေးဖြစ်ကြောင်းနှင့်  အလားတူဆွေးနွေးပွဲမျိုး ထံမံဆွေးနွေးနိုင်ရန်မျှော်လင့်ပြီး ဆွေးနွေးပွဲအောင်မြင်လိမ့်မည်ဟု ဦးမိုင်းအုဏ်းခိုင်က သုံးသပ်ခဲ့သည်။

NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်သုံးဦးဖြစ်သော မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်တုံခါးနော်စံတို့သည် ရှမ်းပြည်နယ်သို့ ဇန်နဝါရီ ၁၃ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ပထမနေ့တွင် ရှမ်းပြည်နယ်အခြေစိုက်ပါတီများဖြစ်သော တအာင်း (ပလောင်) အမျိုးသားပါတီမှ ဒု-ဥက္ကဌ ဦးညီစိန်၊ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီမှ ဥက္ကဌ ဦးခွန်စံလွင်၊ အထွေထွေအတွင်းရေးမှူး ဦးခွန်သိန်းဖေ၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

NLD အနေဖြင့် ဆက်လက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...