ရခိုင်စစ်ဘေးဒုက္ခသည်များ ဘဝရပ်တည်ရေးအတွက် မြေမြှုပ်မိုင်းရှင်းလင်းရေးကို အထူးဂရုစိုက်ဆောင်ရွက်ပေးရန် အစိုးရအားတိုက်တွန်း

ရခိုင်စစ်ဘေးဒုက္ခသည်များ ဘဝရပ်တည်ရေးအတွက် မြေမြှုပ်မိုင်းရှင်းလင်းရေးကို အထူးဂရုစိုက်ဆောင်ရွက်ပေးရန် အစိုးရအားတိုက်တွန်း
by -
မင်းထွန်း (DMG)

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များ မိမိနေရပ်သို့ပြန်ပြီး လုံခြုံအေးချမ်းစွာဘဝရပ်တည်နိုင်ရေးအတွက် မြေမြှုပ်မိုင်းရှင်းလင်းရေးကို အထူးဂရုပြုဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ယနေ့ (ဇန်နဝါရီ ၁၂ ရက်) တွင် ပြည်နယ်လွှတ်တော်၌ တင်သွင်းခဲ့သည်။

စစ်ဘေးကြောင်းထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသည်များ ကိုယ့်ဒေသ၊ကိုယ့်ရပ်ရွာသို့ လုံခြုံအေးချမ်းစွာဖြင့် ပြန်လည်သွားရောက်နေထိုင်နိုငရေးအတွက် ပိုမိုထိရောက် သော အကူညီများ ပေးသင့်ကြောင်း အစိုးရအား တိုက်တွန်းသည့်အဆိုကို ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်းတွင် မီးရှို့ခံခဲ့ရသည့် ရပ်ရွာနေအိမ်များ အသစ်ပြန်လည်တည်ဆောက်နိုင်ရေးတွင် အစိုးရက တာဝန်သိစွာ ကူညီဆောက်လုပ်ပေးမှသာလျှင် စစ်ဘေးဒုက္ခသည်များ ဘဝရပ်တည်နိုင်မည်ဖြစ်ကြောင်း အဆိုရှင် ဦးဦးသန်းနိုင်ကပြောသည်။

“တိုက်ပွဲထဲမှာ ပါဝင်မီးရှို့ခံခဲ့ရတဲ့ ရပ်ရွာတွေ၊ အိုးအိမ်အသစ်ပြန်လည်တည်ဆောက်နိုင်ရေးကို အစိုးရက တာဝန်သိစွာ ကူညီဆောက်လုပ်ပေးမှ ဘဝရပ်တည်နိုင်မှာဖြစ်တယ်။ ဘဝရပ်တည်ရေးအတွက် လယ်ယာကိုင်းကျွန်းတွေမှာ စစ်ပွဲတွေအတွင်းကျန်ရှိခဲ့တဲ့ မြေမြှုပ်ဗုံး၊ မိုင်းတွေဟာ ဒေသခံတွေအတွက် အန္တရာယ်ရှိနေတဲ့အတွက် မြေမြုပ်မိုင်းရှင်းလင်းရေးကိုလည်း အထူးဂရုစိုက်ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်” ဟု ၎င်းက ပြောသည်။

လက်ကျန် မြေမြုပ်ဗုံးဒဏ်ရာကြောင့် သေဆုံးဒဏ်ရာရရှိသည့်အတွက် ခြေလက်အင်္ဂါချို့တဲ့သွားရသူများ တစ်နေ့တစ်ခြား တိုးပွားလာသည့်အတွက် တိုက်ပွဲရှောင်ပြည်သူများမှာ ကြောက်လန့်စိုးရိမ်စိတ်များ တိုးပွားလာနေသည်ဟု ဆိုသည်။

တိုက်ပွဲကာလအတွင်းတွင် ကျန်ရှိခဲ့သည့် စစ်ကျန်လက်နက်၊မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းများရှင်းလင်းရေး ကိစ္စနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးဝင်းမြင့်အား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

လက်ရှိတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများရပ်တန့်နေသည်မှာ နှစ်လကျော်ရှိလာသည့်အတွက် မိမိနေရပ်သို့ ပြန်သွားသည့် စစ်ဘေးဒုက္ခသည် ရှစ်သောင်းကျော်ရှိလာကြောင်းနှင့် နေရပ်ပြန်ရန် ကျန်ရှိနေသည့် စစ်ဘေးဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ထိုသို့ နေရပ်ပြန်ရန်ကျန်ရှိနေသည့် စစ်ဘေးဒုက္ခသည်များ လာမည့်မိုးရာသီတွင် သူတို့၏နေရပ်ဒေသများတွင် ထွန်ယက်စိုက်ပျိုးရန် အဆင်သင့်ရှိနေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများအနေဖြင့် စီစဉ်ပေးရန်လိုအပ်ကြောင်း ဦးဦးသန်းနိုင်ကဆိုသည်။

အဆိုရှင် ဦးဦးသန်းနိုင်တင်သွင်းသည့် အဆိုကို မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်က ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိသည့်အတွက် ဆက်လက်ဆွေးနွေးရန် ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။

“တိုက်ပွဲ နှစ်နှစ်နီးပါးဖြစ်ပြီး အခုအချိန်မှာ တိုက်ပွဲရပ်သွားလို့ ကျွန်တော်တို့ အိမ်ကိုသွားကြည့်တော့ အိမ်မှာထားခဲ့တဲ့ အိုး၊ ပန်းကန်တွေ၊ မိသားစုစားဝတ်နေရေးအတွက် ထားခဲ့တဲ့ပစ္စည်း ဘာတစ်ခုမှမရှိတော့တာကို တွေ့ရတယ်။ ဒါကိုကြည့်ခြင်းအာဖြင့် ကျွန်တော်တို့ ပြည်သူလူထုဒုက္ခဘယ်လိုဖြစ်နေလဲဆိုတာကို ခံစားမိတယ်” အဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် ဦးလှအောင်ညွန့်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များမှာ စားဝတ်နေရေးအခက်အခဲများအပြင် လက်ရှိတွင် ဆောင်းရာသီဖြစ်သည့်အတွက် အနွေးထည်များနှင့်စောင်များပါ အရေးပေါ်လိုအပ်လျက်ရကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...