ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ပေးရန်တိုက်တွန်းကြောင်းအဆို ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း သိရသည်။
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးပထမနေ့ကို ယနေ့ (ဇန်နဝါရီ ၁၁) ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ပေးရေးအဆိုကို မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဆိုတင်ရတဲ့အကြောင်းအရင်းက ပြည်တွင်း/ပြည်ပ ပညာရှင်တွေကလည်း ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် တိုက်တွန်းတယ်။ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ နောက်တစ်ခါ တပ်မတော်နဲ့ AA ကလည်း မပြန်အလှန်ယုံကြည်မှု၊ နားလည်မှုရတယ်ဆိုတော့ တကယ်တန်းငြိမ်းချမ်းရေးကို သွားမယ်ဆိုလို့ရှိရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကပဲ အဲဒီအမိန့်ကြေညာချက်တွေကို ပြန်လည်ရုပ်သိမ်းရမှာဖြစ်ပါတယ်။ ပြန်လည်ရုပ်သိမ်းမှပဲ ငြိမ်းချမ်းရေးခရီးရောက်မယ်လို့ထင်ပါတယ်” ဟု အဆိုရှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
ငြိမ်းချမ်းကို အမှန်တကယ်တည်ဆောက်မည်ဆိုပါက အကြမ်းဖက်အဖွဲ့ကြေညာထားတာကို ပယ်ဖျက်ပြီးမှသာ ငြိမ်းချမ်းရေးခရီးကိုရောက်မည်ဟု ဆိုသည်။
“ဒီနေရာမှာ အဟန့်အတားတစ်ခုဖြစ်နေတာက ငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်မည်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးကို အနှောက်အယှက်ပြုနေတာ၊ အဟန်းအတားပြုနေတာ အကြမ်းဖက်ဆိုတဲ့ ပုဒ်မ၊ မတရားအသင်းဆို တဲ့ပုဒ်မ၊ မတရားသင်းဆိုပြီး ကြေညာထားတဲ့ အမည်နာမတွေပေါ့နော်။ ဆိုတော့ အမှန်တကယ်ငြိမ်းချမ်းရေးကို တည်ဆောက်မယ်၊ ထာဝရငြိမ်းချမ်းရေးကိုသွားမယ်ဆိုလို့ရှိရင် ဒီငြိမ်းချမ်းရေးကို သွားတဲ့နေရာမှာ အတားအဆီး ဆူးငြှောင့်ခလုပ်တွေဖြစ်နေတဲ့ အကြမ်းဖက်ဆိုတဲ့ အမည်နာမကို ပယ်ဖျက်ပေးရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ အဆိုနှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိတဲ့အတွက် အဆိုကို ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်က မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားခြင်းဖြစ်ပြီး လက်ရှိတွင် တပ်မတော်နှင့် AA တို့အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများရှိနေကာ နှစ်ဖက်ဆက်ဆံရေး တိုးတက်လျက်ရှိကြောင်း သိရသည်။