ချင်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေကိုအနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ ချင်းလူ့အခွင့် အရေးအဖွဲ့ (CHRO) က ၂၀၂၀ ခုနှစ်အတွင်းချင်းပြည်နယ်မှာဖြစ်ပွားနေတဲ့ အထူးသဖြင့် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့လူ့အခွင့်အရေးချိူးဖောက်ခံရမှု အစီရင်ခံစာတစ်ရပ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ Human Rights Education & Religious Freedom Program Director Salai Sang Hnin Lian ကိုတွေ့ဆုံမေးမြန်းတဲ့ အပိုင်း (၁) ကို ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ ယခု အပိုင်း (၂) ကို တင်ဆက်ပေးလိုက်ပါတယ်။
မေး။ ။ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပလက်ဝအရေးကိုင်တွယ်ဖြေရှင်းမှုအပေါ်ကျေနပ်အားရမှုရှိလား။
ဖြေ။ ။ ချင်းပြည်နယ်အစိုးရအနေနဲ့ အတတ်နိုင်ဆုံးကျိူးစားတာတော့တွေ့ရပါတယ်၊ ဒါပေမယ့် ချင်းပြည်နယ်အ စိုးရအနေနဲ့ သူတို့မှာရှိတဲ့ဘတ်ဂျက်ကို ခွဲဝေပေးပြီးတော့ ဒုက္ခသည်တွေအတွက် ဆိုပြီးတော့ သတ်သတ်ဆောင်ရွက်ပေး တာမျိုးမတွေ့ရဘူး၊ တစ်ခြားအဖွဲ့အစည်းတွေက အလှူငွေတွေပေးတဲ့ဟာကို စီမံခန့်ခွဲရေးလုပ်ရုံဘဲများသောအားဖြင့်မြင်နေရတယ်၊ တကယ်ဆိုရင် ကျနော်တို့ချင်းပြည်နယ်မှာလူဦးရေအားဖြင့်ကြည့်မယ်ဆိုရင် ပလက်ဝကအများဆုံး၊ ပထဝီအနေအထားအရကြည့်ရင်လည်း ပလက်ဝကအကောင်းဆုံးဖြစ်နေတယ်၊ အဲလိုမျိုး ချင်းပြည်နယ်ရဲ့ လူဦးရေအများဆုံး ဖြစ်နေတဲ့နေရာကဒီလိုမျိုးကြုံနေရတယ်ဆိုတော့ ချင်းပြည်နယ်အစိုးရအနေနဲ့တစ်ခြားအဖွဲ့အစည်းတွေလည်းပါပြီးတော့ အစိုးရလည်းပါမယ့်ကော်မတီတစ်ခုဖွဲ့စည့်ပြီးတော့ ပလက်ဝအရေးကို ဘယ်လိုဆောင်ရွက်မလဲဆိုတာကို လွတ်လပ်စွာဆွေးနွေးပြီးတော့ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်တယ်လို့ ကျနော်မြင်တယ်၊ ချင်းပြည်နယ်အစိုးရကမလုပ်ဘူးလို့ ကျနော်ပြောချင်တာမဟုတ်ဘူး၊ လုပ်တာတော့လုပ်တယ်၊ ဒါပေမယ့် အစိုးရအနေနဲ့ဒီထက်ပိုပြီးတော့ အများကြီးလုပ်နိုင်တယ်ဆိုတာပြောချင်တယ်၊ အစိုးရဘဲဖြစ်ဖြစ်ပြည်သူတွေဖြစ်ဖြစ် ပူးပေါင်းပြီးတော့ လူဦးရေ လေး ငါး သောင်းလောက်ကြုံနေရတဲ့ပြသနာကို အစိုးရအနေနဲ့ ပိုပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ကျနော်ပြောချင်ပါတယ်။
မေး။ ။ အခုပလက်ဝမှာကြုံနေရတဲ့ စစ်ရေးပဋိပက္ခတွေကိုဘယ်လိုအဖြေရှာပြီးတော့ ဖြေရှင်းသင့်ပါသလဲ။
ဖြေ။ ။ တိုက်ပွဲနဲ့ပတ်သက်တာဖြစ်တဲ့အတွက် နံပါတ် (၁) ကတော့သေနတ်သံတွေရပ်ပြီးတော့ တိုက်ပွဲမှာပါဝင်နေတဲ့ တပ်မတော်နဲ့အေအေကသေနတ်တွေထားပြီးတော့ စားပွဲပေါ်မှာ ငြိမ်းချမ်းရေးဆွေးနွေးသင့်တယ်လို့ကျနော်မြင်ပါတယ်၊ အခုလက်ရှိက တစ်ကမ္ဘာလုံးက ကြုံနေရတဲ့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလလည်းဖြစ်တယ်၊ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့အတွင်းရေးမှူးကပြောခဲ့တာက ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လက်နက်ကိုင်တွေက လက်နက်တွေချပြီးတော့သူတို့အချင်းချင်း တိုက်တာကိုရပ်ပြီး ကိုဗစ်ကို ပြန်တိုက်ရမယ့်အချိန်ပြည်သူတွေအတွက် လှုပ်ရှားရမယ့်အချိန်လို့ ပြောခဲ့တယ်၊ အဲဒါကြောင့် ဒီချိန်မှာသေနတ်က အဓိကမဟုတ်သေးဘဲနဲ့ ပြည်သူတွေကြုံနေရတဲ့ ဒီကပ်ဘေးကြီး ကြောင့်ကြုံရတဲ့အခက်အခဲတွေကို ဦးစားပေးပြီးတော့ ပိုလုပ်သင့်တယ်လို့ ကျနော်မြင်တယ်၊ ရေရှည်အတွက်တော့ အေအေနဲ့ တပ်မတော်ကြားမှာဘဲမဟုတ်ဘဲနဲ့ အခုလက်ရှိ မြန်မာနိုင်ငံအတွင်းမှာနှစ်ပေါင်း ၇ဝ ကျော် ပဋိပက္ခကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေလည်းသွားနေတဲ့ဟာတွေရှိတယ်၊ ဒီဟာကို အဓိကထားပြီးတော့ သွားသင့်တယ်လို့ ကျနော်မြင်တယ်၊ပြီးတော့ နှစ်ပေါင်း ရဝကြာ ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ဖို့ဆိုရင် လက်နက်ကိုင်တွေ၊အစိုးရနှင့် တပ်မတော်တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဓိကထားပြီးတော့လုပ်သင့်တယ်လို့ပြောချင်တယ်။
မေး။ ။ အခုလက်ရှိ အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ အားရကျေနပ်မှုရှိလား၊ နောက်တက်လာမယ့်အစိုးရကိုရော ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုကဏ္ဍမျိုးကိုအဓိကထားဆောင်ရွက်စေချင်လေ။
ဖြေ။ ။ ဒီလာမယ့်အစိုးရကလည်း NLD ပဲပြန်ဖြစ်မယ်၊ ကျနော်တို့ရဲ့ချင်းပြည်နယ်အခြေအနေနဲ့ပြောရရင် လွန်ခဲ့တဲ့ ငါးနှစ်တာမှာဘဲတိုက်ပွဲတွေကြုံနေရတာဖြစ်တယ်၊ အဲဒီမတိုင်ခင်က သေနတ်သံတွေ မကြားခဲ့ရဘူး၊ CNFတော့ရှိခဲ့တယ် ဒါပေမယ့် ၂၀၁၂ မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ခဲ့တော့ သေနတ်သံတွေမကြားခဲ့ရဘူး၊ ၂၀၁၅ ကနေ လက်ရှိအချိန်ထိက သေနတ်သံတွေကြားနေရတယ်၊ပြီးတော့ ၂၀၂၀ က အဆိုးရွားဆုံးနှစ်လို့ ပြောလို့ရတယ်၊ ငြိမ်းချမ်းရေး ကိစ္စကိုပြောမယ်ဆိုရင်အခုက လုံးဝရပ်နေသလိုဖြစ်နေတယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျနော်အနေနဲ့ပြောမယ်ဆိုရင်ချင်းပြည်နယ်အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးအကြား သဘောတူညီထားတဲ့ အချက် ၅၁ ချက်ရှိတယ်၊ ပြီးခဲ့တဲ့ငါးနှစ်တာမှာ အဲဒီအချက်တွေကို အကောင်အထည်ဖော်မှုကမရှိသလောက်ဖြစ်တယ်။ အဲဒီအချက်တွေထဲမှာ ပါတဲ့ဟာတစ်ခုက လူ့အခွင့်အရေးရှုဒေါင့်နဲ့ပြောမယ်ဆိုရင် ချင်းပြည်နယ်မှာ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်လိုပုံစံမျိုးလူ့အခွင့်ရေးကော်မတီဖွဲ့ဖို့လည်းပါတယ်၊ အဲဒီဟာက လာမယ့်အနာဂတ်မှာလူ့အခွင့်ရေးချိုးဖောက်မှုတွေ အနည်းဆုံးဖြစ်အောင် နှစ်ဘက်ကနေကြိုးပမ်းမှုလုပ်ဖို့ကိုသူတို့အဓိကထားပြီးတော့ သဘောတူညီချက်မှာထည့်ထားတယ်၊ ဒါပေမယ့်လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ လက်တွေ့အကောင်အထည်ဖော်မှုကို တစ်ခုမှမမြင်တွေ့ရတာကိုတွေ့ရပါတယ်၊ နောက်တစ်ခုက ချင်းပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦးမှအပ ဘယ်သူမှ နေရာချပြီးတော့ လှုပ်ရှားခွင့်မရှိဘူးလို့ပါတယ်၊ ဒါပေမယ့်အခုလက်ရှိကျွန်တော်တို့ကြုံနေရာတာက တစ်မျိုးဖြစ်နေတယ်၊ ဒီလိုမျိုးအခြေအနေမှာ နှစ်ဘက်ကနေအများကြီးလုပ်ဖို့လိုတယ်လို့ ကျနော်တို့မြင်ပါတယ်။
မေး။ ။ ခုလက်ရှိ ပလက်ဝအရေးနဲ့ပတ်သတ်ပြီးတော့ချင်းအမျိုးသားတပ်ဦးအနေနဲ့ ဘာမှဝင်မစွက်ဖက်ဘဲနဲ့ နှုတ်ဆိတ်သလိုဖြစ်နေတာကိုတွေ့ရတယ်၊အဲဒီအပေါ် ဆရာ့ရဲ့အမြင်ကိုသိချင်တယ်။
ဖြေ။ ။ CNF ဘက်ကနေ ဘာမှ လှုပ်ရှားမှုမရှိဘူးဆိုတာကတော့ ကျနော့်အနေနဲ့ CNF တွေရဲ့ အတွင်းကျကျ လှုပ်ရှားမှုကို မသိတာလည်းဖြစ်နိုင်တယ်၊ ဒါပေမယ့် အခုကြားနေတဲ့ဟာတွေတော့ရှိတာပေါ့၊ဒါပေမယ့်ဒီထက်တော့ သူတို့အများကြီးလုပ်နိုင်တယ်လို့မြင်တယ်၊ ဉပမာ ပလက်ဝမှာရှိတဲ့ပြည်သူတွေတင်မဟုတ်ဘဲနဲ့ ချင်းပြည်နယ် တစ်ခုလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ လှုပ်ရှားတဲ့အခွင့်အရေးအတွက် လှုပ်ရှားတဲ့အဖွဲ့၊ ဒီမိုကရေစီအတွက် လှုပ်ရှားတဲ့အဖွဲ့၊ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လှုပ်ရှားတဲ့အဖွဲ့ ဖြစ်တဲ့အတွက်ကြောင့်သူတို့လုပ်နိုင်တဲ့ဟာ အများကြီးရှိတယ်လို့မြင်ပါတယ်၊ တစ်ဘက်မှာက သူတို့ကိုပြည်သူတွေက ဘယ်လောက်ထိ ထောက်ခံအားပေးတာလဲဆိုတာ မေးခွန်းမေးစရာ တွေရှိပါတယ်။
မေး။ ။ ချင်းပြည်နယ်မှာ စစ်ရေးပဋိပက္ခကြောင့်လူ့အခွင့်အရေးချိူးဖောက်မှုတွေအပြင် တခြားဘယ်လိုလူ့အခွင့်အရေးချိူးဖောက်မှုတွေရှိလဲ။
ဖြေ။ ။ ၁၉၉၅ ကနေ ဒီနှစ်အထိ ချင်းလူ့အခွင့်ရေးအနေနဲ့မှတ်တမ်းတွေပြုစုပြီးတော့ အဓိကအကြောင်းအရာအနေနဲ့ ထွက်လာတာကတော့ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုဘဲဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေ အပိုဒ် ၃၆၁၊ ၃၆၂ မှာ ဖော်ပြထားတဲ့ဟာကဗုဓ္ဒဘာသာက အထွဋ်အမြတ်ထားတဲ့ ဘာသာဖြစ်နေတယ်၊ ဒါပေမယ့် တစ်ခြား ခရစ်ယာန် မူဆလင်ဟိန္ဒူတွေက ဖွဲ့စည်းပုံအခြေခံဉပဒေရေးတဲ့အချိန်မှာ တည်ရှိနေတဲ့ဘာသာတွေဖြစ်တယ်ဆိုပြီးအသိအမှတ်ပြုထားတာဘဲရှိတယ်၊ တစ်ကယ့်လက်တွေ့မှာ အစိုးရကနေ အကောင်အထည်ခေါ်တဲ့နေရာမှာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အခွင့်အရေးချိုးဖော်မှုတွေ အများကြီးကြုံတွေ့ရတယ်။ ၂၀၁၂ မှာ CHRO ကနေ “ကျနော်တို့ရဲ့ရပ်တည်မှုကိုခြိမ်းခြောက်တယ်”ဆိုတဲ့ခေါင်းစဉ်နဲ့ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာလည်းထုတ်ခဲ့တယ်၊ အဲမှာထည့်ထားတာတွေကလက်ဝါးကားတိုင်တွေ ဖြိုချခံခဲ့ရတာတွေ အများကြီးရှိတယ်၊ လက်ရှိအခြေအနေမှာတော့အရင်တုန်းကလို ပေါ်တင်ချိုးဖောက်ခံရတာတွေတော့မရှိဘူး၊ ဒါပေမယ့် မူဝါဒပိုင်းဆိုင်ရာ တွေမှာချိုးဖောက်ခံရမှု အများကြီးကြုံတွေ့နေရတာတွေတော့ရှိတယ်၊ ပြောင်းလဲဖို့လည်းအများကြီးလိုသေးတယ်။ ဉပမာပြောရမယ်ဆိုရင် ကျနော်တို့ချင်းပြည်နယ်မှာခရစ်ယာန်အသင်းတော်ပေါင်း ၂၀၀၀ ဝန်းကျင်ရှိတယ်၊ အဲဒီထဲမှာ အကုန်လုံးနီးပါးကဘာသာရေးဆိုင်ရာအသိအမှတ်ပြု မှတ်ပုံတင်ရတဲ့အဖွဲ့အစည်းမရှိဘူး၊ ဒီလိုမျိုးချိန်မှာနိုင်ငံတော်က အထွဋ်အမြတ်ထားတဲ့ ဘာသာကျတော့ နေရာအထူးပေးပြီးတော့သူတို့ကြိုက်တဲ့နေရာမှာ သူတို့လိုချင်တာအများကြီး လုပ်နိုင်တဲ့ အနေအထားမှာရှိတယ်၊ပြီးတော့ ၁၉၉၃ ကနေ တပ်မတော်က နှစ် ၃၀ စီမံကိန်းနဲ့ချထားတဲ့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိူးများ၏ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) အစီအစဉ်မှာကျနော်တို့ချင်းတွေအများကြီး ချိုးဖောက်မှုကြုံနေရတာတွေရှိတယ်၊ အခုချိန်ထိ နတလ ကနေဖွင့်ထားတဲ့ကျောင်းက တစ်နိုင်ငံလုံးမှာ ကျောင်းပေါင်း ၃၃ ကျောင်းလောက်ရှိတယ်၊အဲဒီမှာ ၁၀ ကျောင်းက ကျနော်တို့ ချင်းပြည်နယ်မှာရှိနေတယ်၊ ဘာဖြစ်လို့ကျနော်တို့ချင်းပြည်နယ်မှာ နတလကျောင်းတွေ အဲလောက်များနေရတာလဲဆိုတာ မေးစရာရှိတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာရှိပါသေးလဲ။
ဖြေ။ ။ လက်ရှိချင်းပြည်သူတွေကြုံနေရတဲ့ ချင်းပြည်နယ် ပလက်ဝမှာဘဲဖြစ်ဖြစ်ရခိုင်ဘက် အမ်း မြေပုံ မြင်းပြားဘက်မှာဘဲဖြစ်ဖြစ် တိုက်ပွဲကြောင့်ခံနေရတဲ့ပြည်သူတွေအများကြီးရှိတယ်၊ ဒီလိုမျိုးအခြေအနေမှာ ပြည်သူတစ်ယောက်အနေနဲ့ဘဲဖြစ်ဖြစ်ချင်းတွေရဲ့အရေးကို လှုပ်ရှားနေတဲ့လူတစ်ယောက်အနေနဲ့ဘဲဖြစ်ဖြစ် ကျနော်တို့ကျရာကဏ္ဍမှာလုပ်စရာတွေအများကြီးရှိတယ်လို့ပြောချင်တယ်၊ ဉပမာ – စစ်ဘေးရှောင်းနေရတဲ့ ပြည်သူတွေစားနပ်ရိက္ခာဖူလှုံရေးအတွက် အများကြီး ကူညီပေးဖို့လိုနေသေးတယ်၊ ဆုလည်းအများကြီးတောင်းပေးဖို့လိုနေသေးတယ်၊ ဒီလိုမျိုးအခြေအနေမှာ CHRO အနေနဲ့ကတော့ ဒီလိုမျိုးလူ့အခွင့်ရေးချိုးဖောက်မှုတွေ အနည်းဆုံးဖြစ်အောင် ပဋိပက္ခဖြစ်စဉ်မှာပါဝင်နေတဲ့တပ်မတော်နှင့် အေအေကိုစောင့်ကြည့်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုစောင့်ကြည့်လေ့လာပြီးမှတ်တမ်းတင်သွားပါမယ်၊ လက်ရှိပြည်သူတွေ ကြုံနေရတဲ့ဖြစ်စဉ်တွေကိုလည်း ရပ်ကြည့်နေတာမဟုတ်ဘဲနဲ့ ကျရာကဏ္ဍကနေ ပါဝင်ကူညီပေးကြဖို့ပြောချင်ပါတယ်။