ရွေးကောက်ပွဲအနိုင်ရ ဒေသခံတိုင်းရင်းသားပါတီများ NLD ပါတီနှင့် အစောတလျင် တွေ့ဆုံမှုမပြုလုပ်ရန် ကရင်နီပြည်လူငယ်များသမဂ္ဂ တောင်းဆို

ရွေးကောက်ပွဲအနိုင်ရ ဒေသခံတိုင်းရင်းသားပါတီများ NLD ပါတီနှင့် အစောတလျင် တွေ့ဆုံမှုမပြုလုပ်ရန် ကရင်နီပြည်လူငယ်များသမဂ္ဂ တောင်းဆို
by -
နော်ဒွေးအယ်ခူ (KT)

ရွေးကောက်ပွဲတွင် အနိုင်ရဒေသခံတိုင်းရင်းသားပါတီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်အစောတလျင် တွေ့ဆုံမှုမပြုလုပ်ရန် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) က တောင်းဆိုခဲ့သည်။

လက်ရှိတွင် NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လျက်ရှိရာ ကချင်နှင့် မွန်ပြည်နယ်များမှ ပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

“ကျွန်တော်တို့ UKSY အနေနဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့မှ အယုံအကြည်မရှိဘူးပေါ့နော်။ မွန်ပြည်နယ် မှာဖြစ်သွားတဲ့ သာဓကအတိုင်းပဲ အယုံအကြည်မရှိတဲ့အတွက် အနိုင်ရတဲ့တိုင်းရင်းသား နိုင်ငံရေး ပါတီတွေလည်း တွေ့ဆုံမှုတွေ အစောတလျင်မလုပ်ဖို့ ကျွန်တော်တို့အနေနဲ့ကတော့ ပြောရခြင်းဖြစ်တယ်” ဟု ကရင်နီပြည်လူငယ်များသမ္မဂ (UKSY) မှ တွဲဖက်အတွင်းရေးမှူး-၂ ခွန်းသောမတ်စ်က ပြောသည်။

စတုတ္တအကြိမ်မြောက် ကရင်နီပြည်လူငယ်များသမ္မဂညီလာခံ ဒုတိယ ၆ လပတ်အစည်းအဝေးကို ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီဝင် စုစုပေါင်း ၂၅ ဦးတက်ရောက်ခဲ့ပြီး ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာတွင် ယင်းသို့ ထည့်သွင်းအကြံပြုခဲ့ခြင်းဖြစ်သည်။

ဒေသခံတိုင်းရင်းသားပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့်တွေ့ဆုံရန် NLD ပါတီက ယနေ့အချိန်အထိ တရားဝင်အကြောင်းကြားထားခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါညီလာခံတွင် ဒေသခံတိုင်းရင်းသားပါတီနှင့် NLD ပါတီတို့ ဆွေးနွေးညှိနှိုင်းမှုကို အစောတလျင်မပြုလုပ်ရန်နှင့် ဒီမော့ဆိုမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံနှင့် လွိုင်ကော်မြို့နယ်တွင်တည်ဆောက်နေသော သတ္တုသန့်စင်စက်ရုံကိစ္စများကို ပြည်နယ်အစိုးရသစ်အနေဖြင့် ပြန်လည်သုံးသပ်ကာ ရပ်ဆိုင်းထားပေးရန်စသည့် တောင်းဆိုချက်နှစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဘိလပ်မြေစက်ရုံရယ် သတ္တုသန့်စင်စက်ရုံဆိုတဲ့ဟာတွေက ကျွန်တော်တို့အတွက် ဆိုးကျိုးဖြစ်ပေါ်စေတဲ့ဟာတွေပေါ့။ အဆင့်မြှင့်နည်းပညာနဲ့ အကြီးစားစီမံကိန်းတွေ ဖော်ဆောင်တဲ့အချိန်မှာ သက်ဆိုင်ရာပညာရှင်တွေ သတ်မှတ်ထားတဲ့စံချိန်စံနှုန်းတွေမရှိဘဲ အကောင်အထည်မဖော်သင့်ဘူးလို့ယူဆတယ်။ တကယ်လို့ လုပ်ရင်တောင်မှ လူထုတွေလက်ခံနိုင်လောက်တဲ့အေြခအနေတွေအထိကို သက်ဆိုင်ရာအစုအဖွဲ့တွေက ကွင်းဆင်လုပ်ဆောင်သင့်တယ်။ လူထုတွေကကန့်ကွက်နေတယ်ဆိုရင်တော့ ရပ်တန့်သင့်တယ် ဘာလို့ဆိုရင် စီမံကိန်းတွေဖြစ်ပေါ်လာပြီဆိုရင်ေတာ့ ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးတွေအများကြီးဖြစ်ပေါ်စေနိုင်သလို အဲဒီဒေသမှာရှိတဲ့ လူမှုရေးဆိုင်ရာ ဆိုးကျိုးတွေလည်း ဖြစ်စေနိုင်တယ်လို့ သုံးသပ်တဲ့အတွက် အစိုးရအနေနဲ့ ဆိုင်းငံ့ထားသင့်တယ်။ ပြန်လည်စီစစ်သင့်တယ်လို့ ထင်တယ်” ဟု ခွန်းသော်မတ်စ်က ပြောသည်။

ထို့ပြင် မူလ ကရင်နီပြည်နယ်၏အမည်နာမကို ပြန်လည်ခေါ်ဆိုပြောင်းလဲရန် အကောင်အထည်ဖော်ဆောင်ခြင်း၊ ကရင်နီပြည်နယ်အတွင်းရှိ လူမျိုးစုအသီးသီး၊ အမျိုးသားညီညွတ်ရေးနှင့် လူငယ်ထုညီညွတ်ရေး ကိစ္စရပ်များကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။

NLD ပါတအနေဖြင့် ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည့် “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့်ပြည်ထောင်စုအရေးကိစ္စ” နှင့်ပတ်သက်ပြီး တိုင်ရင်းသားနိုင်ငံရေးပါတီများသို့ ပေးပို့သောစာတွင် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ထုတပြန်ထားပြီး ပထမဦးဆုံးခရီးစဉ်အဖြစ် ကချင်ပြည်နယ်မှ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်တွေ့ဆုံခဲ့သော်လည်း ဒုတိယခရီးစဉ်ဖြစ်သည့် မွန်ညီညွတ်ရေးပါတီနှင့် နေရာညှိမရသည့်အတွက် တွေ့ဆုံပွဲပျက်ခဲ့ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...