ရွေးကောက်ပွဲလွန်ကာလ အကောင်ထည်ဖော်မည့် ဘိလပ်မြေစက်ရုံစီမံကိန်း ဒေသခံများကန့်ကွက်

ရွေးကောက်ပွဲလွန်ကာလ အကောင်ထည်ဖော်မည့် ဘိလပ်မြေစက်ရုံစီမံကိန်း ဒေသခံများကန့်ကွက်
by -
နော်ဒွေးအယ်ခူ (KT)

ရွေးကောက်ပွဲလွန်ကာလ အကောင်ထည်ဖော်မည့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖဆည်အနီးက တန် ၄၀၀၀ ဘိလပ်မြေစက်ရုံစီမံကိန်း ဒေသခံများက ကန့်ကွက်ချက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရန် ညီညာစွမ်းအားလုပ်ငန်းစု ကုမ္ပဏီလီမိတက်က လုပ်ဆောင်ခြင်းဖြစ်ပြီး အစိုးရခွင့်ပြုချက်လည်းရရှိထားကြောင်း သိရသည်။

“ရှင်းရှင်းပြောမယ်ဆိုရင် ကျွန်တော်တို့ သက်ဆိုင်ရာဌာန အစိုးရတွေဆိုရင်တော့ အလုပ်တစ်ခုလုပ်မယ်ဆိုရင်တော့ ပြည်သူရဲ့သဘောထားကို ရယူရင်အကောင်းဆုံးပဲ။ ပြည်သူသဘောတူမှပဲ သူတို့ လုပ်ပေးမယ်ဆိုရင် နှစ်ဖက်နှစ်ဦး အကျိုးရှိတယ်။ အခုကပြည်သူသဘောမတူပဲ သူတို့က အတင်းလာလုပ်မယ်ဆိုရင်တော့ ဒါစစ်မှန်တဲ့ အစိုးရမဟုတ်တော့ဘူး။ ဒါကြောင့်မလို့ အစိုးရတွေဘက်လည်း ဘာပဲလုပ်လုပ် ကျွန်တော်တို့ ပြည်သူနဲ့ တိုင်ပင်ဆွေးနွေး ပွင့်လင်းမြင်သာမှုချပြမယ်ဆိုရင်တော့ ဒါအကောင်းဆုံးပဲ။ လက်မခံဘူးဆိုရင် မလုပ်တာအကောင်းဆုံးပဲ” ဟု ဒီးမော့ဆိုမြို့နယ် ဝါသောခိုရွာသစ် ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးစောအယ်ထူးက ပြောသည်။

အဆိုပါစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များက မြေပြင် အခြေအနေကို ကွင်းဆင်းကြည့်ရှုခြင်းကို ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပြီး ဘိလပ်မြေတည်ဆောက်မည့် စီမံကိန်းမြေနေရာသည် ဝါသောခိုရွာသစ်နှင့် သုံးဖာလုံသာကွာကြောင်းသိရသည်။

ဒေသခံများအနေဖြင့် ထိုသို့ ဘိလပ်မြေစက်ရုံစီမံကိန်း အကောင်အထည်ဖော်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်နှင့် တောတောင်များပျက်စီး၍ ရာသီဥတုအားထိခိုက်မည်ကို ကျေးရွာသားတွေကများက စိုးရိမ်နေခြင်းဖြစ်သည်။

ဝါသောခိုရွာသစ်မှ ဒေသခံ ဦးစောနေဗလုထူးဒိုက “ဘာလို့ကန့်ကွက်ရလဲဆိုတော့ ဘိလပ်မြေစက်ရုံက သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးဆိုတာတော့ရှိတယ်။ ကျွန်တော်တို့ ဒေသအနေအထားနဲ့ ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင် ဘိလပ်မြေဆိုကတည်းက သူက တောတောင်ကျောက်တွေကိုပဲ သူကဦးတည်မှာလေ။ ဒီတောတောင်တွေပြုန်းသွားမယ်ဆိုလို့ရှိရင် ရာသီဥတုမှာလည်း ထိခိုက်လာနိုင်တယ်” ဟုဆိုသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာအနေဖြင့် ကွင်းဆင်းကြည့်ရှုသည့်အခြေအနေသာရှိသေးကြောင်း ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်က ပြောသည်။

“အဲ့တာက ခွင့်ပြုမိန့်ရပြီးသားရှင့် ကျွန်မတို့ အဲ့ရက်သွားတာက ဆောက်ဖို့မဟုတ်ဘူး။ ကျွန်မတို့ ပုံမှန်လုပ်ငန်းတာဝန်ကလေ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေကို ကြီးကြပ်ပြီးတော့ ကွင်းဆင်းဝန်ဆောင်မှုပေးရတာရှိပါတယ်။ အဲ့နေရာမှာ ဘာတွေလုပ်ထားလဲ ကိုယ့်ရဲ့ပုံမှန်အတိုင်းပေါ့ ဘိလပ်မြေစက်ရုံလုပ်ဖို့ သွားကြည့်တာမျိုးမဟုတ်ဘူး ကျမရဲ့ ပုံမှန်ကွင်းဆင်းတဲ့ဟာပေါ့နော်” ဟု ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်က ပြောသည်။

လက်ရှိတွင် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ အနီးပတ်ဝန်းကျင်တွင်နေထိုင်သည့် ဒေသခံကျေးရွာပေါင်း ၂၀ မှ အိမ်ထောင်ဦးစီးများက သက်ဆိုင်ရာဌာနကို ကန့်ကွက်ကြောင်း လက်မှတ်ထိုးသည့်စာကို ပေးပို့ထားသည်။

ဝါသောခိုကျေးရွာအုပ်စုအနီးတဝိုက်တွင် စက်ရုံမြေနေရာအတွက် ၂၄၃ ဧကနှင့် ထုံးကျောက်စမ်းသပ်တိုင်းထွာရန် မြေနေရာ ၁၆၀၄ ဧကအား အသုံးပြုနိုင်ရန် ကုမ္ပဏီမှ ပြည်နယ်အစိုးရကို ၂၀၁၈ ခုနှစ်တွင် အဆိုပြုခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲအပြီးတွင် စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် ဘိလပ်မြေစက်ရုံသည် အမေရိကန်ဒေါ်လာ သန်း ၅၀ မှ သန်း ၆၀ ကုန်ကျနိုင်ပြီး ၂၀၁၂ ခုနှစ်ကတည်းက ပြည်ထောင်စုကနေ ခွင့်ပြုမိန့်ရထားသည့် စီမံကိန်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်နေရာ၌ အနိုင်ရရှိထားသည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဦးဒီးဒီက “အစစအရာရာ အဆင်သင့်မရှိသေးဘူး နည်းပညာအရရော ငွေကြေးအရရော လူ့အရင်းအမြစ်အရရောပေါ့နော နောက်နိုင်ငံရေးအရပေါ့ အဆိုးဆုံးပေါ့ အရေးကြီးဆုံးလို့လည်း ပြောလို့ရတယ် နိုင်ငံရေးအရလည်း ကျွန်တော်တို့ သေချာတဲ့ အနေအထားမရှိသေးဘူးပေါ့ အဲ့တာကြောင့် အခုချိန်မှာ ကျွန်တော်တို့ မလုပ်ဖို့ ကန့်ကွက်ရခြင်းဖြစ်တယ်” ဟုပြောသည်။

ညီညာစွမ်းအားလုပ်ငန်းစုကုမ္ပဏီလီမိတက်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်က လွိုင်ကော်မြို့နှင့် ၃ မိုင်သာဝေးတဲ့ ချိကယ်ကျေးရွာအုပ်စု ပကြဲကျေးရွာအနီးတွင် ဘိလပ်မြေစက်ရုံဆောက်လုပ်မည်ကို ဒေသခံကန့်ကွက်မှုကြောင့် အကောင်အထည်မဖော်နိုင်ဘဲ လက်ရှိ NLD အစိုးရလက်ထက်မှသာ ၎င်းဘိလပ်မြေစက်ရုံကို ဒီးမော့ဆိုမြို့နယ်အတွင်း ပြန်လည်တည်ဆောက်ဖို့ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...