NCA အပစ်ရပ်အဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယ) ပိုင်းကို ရွေးကောက်ပွဲမတိုင်ခင်ကတည်း ကျင်းပရန်စီစဉ်ထားသော်လည်း လက်ရှိအခြေအနေအရ ကိုဗစ်ကပ်ရောဂါပြီးဆုံးမှသာ ကျင်းပနိုင်မည့်အနေအထားတွင် ရှိနေကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။
ဦးမျိုးဝင်းက “ဘယ်တော့ ဖြစ်နိုင်မလဲဆိုတော့ ရောဂါ ခြေအနေက အခုက မြန်မာပြည်ဖက်မှာ အခြေအနေကောင်းလာရင် ထိုင်းဘက်ဖြစ် ထိုင်းဘက် အခြေအနေကောင်းလာရင် မြန်မာပြည်ဖြစ် နှစ်နိုင်ငံ အဲလို အပြန်အလှန်ဖြစ်နေတာကိုး။ ဒါကြောင့် ရောဂါအခြေအနေ ကြည့်နေရတာပေါ့” ဟုပြောသည်။
NCA အပစ်ရပ်အဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယ) ပိုင်းကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်း ပြုလုပ်ရန် စီစဉ်ထားကြသော်လည်း ကပ်ရောဂါ ခြေအနေများကြောင့် တစ်လပြီးတစ်လ ပြောင်းလဲသတ်မှတ်လာသည်မှာ ယခုအချိန်အထိဖြစ်သည်ဟု ဦးမျိုးဝင်းက ဆက်ပြောသည်။
“Date သတ်မှတ်ထားတာ ကြာပြီ။ ဟိုး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာကတည်းက သတ်မှတ်ထားတာ အခုက လက်တွေ့က လုပ်လို့မှမရတာကိုး။ လုပ်ချင်တာတော့ အခုချက်ချင်း လုပ်ချင်တာပေါ့။ လုပ်လို့မှမရတာပဲ ဘယ်တတ်နိုင်မလဲ။ ဒါက ကိုယ်ဖန်တီးလို့ရတဲ့ ကိစ္စမျိုးမှမဟုတ်တာ” ဟု ၎င်းကပြောသည်။
ထို့ပြင် အပစ်ရပ်အဖွဲ့များအနေဖြင့် မြန်မာနှင့် ထိုင်းနိုင်ငံနယ်စပ်တို့တွင် အခြေပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့်အလျောက် နှစ်နိုင်ငံ၏ ကပ်ရောဂါထိန်းချုပ်ရေးနှင့် သက်ဆိုင်သည့် စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာရသည့်အတွက် ပွဲပြုလုပ်မည်ဆိုပါက ခက်ခဲမှု များစွာ ရှိသည်ဟု ဆိုသည်။
“လုပ်မယ်ဆိုတာ သတ်မှတ်ထားတာ ကျော်နေပြီ ဒါပေမယ့် ပြည်တွင်းမှာလည်း လုပ်လို့မရ ဒီထိုင်းဖက်မှာလည်း လုပ်လို့မရတဲ့ အခြေအနေဖြစ်နေတာကိုး အဓိက က ရောဂါအခြေအနေပါပဲ။ အဲဒီ ရောဂါအခြေအနေက ဘယ်လောက်အတိုင်းအတာအထိ ခွင့်ပြုနိုင်မလဲပေါ့ EAO အနေအထားကျတော့ နှစ်နိုင်ငံအပေါ်မှာ နယ်ခြား ခြေခံထားတာကိုး နှစ်နိုင်ငံစည်းမျဉ်းစည်းကမ်းနဲ့ သွားသက်ဆိုင်နေတော့ စီစဉ်ရတာလည်း နည်းနည်း အခက်အခဲက ဖြစ်နေတာပေါ့နော” ဟု ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေ ၁၄ ရက်ကနေ ၁၈ ရက်အထိ အပစ်ရပ်အဖွဲ့များ၏ စတုတ္ထ အကြိမ်မြောက် ထိပ် သီးခေါင်းဆောင်များ၏ ညီလာခံ (ပထမ) ပိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ ကြသည်။
အဆိုပါ ညီလာခံတွင် အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST စုဖွဲ့မှုကိစ္စများ၊ PPST မှ ကရင်အမျိုးသားအစည်းအရုံး KNU နုတ်ထွက်စာတင်ထားသည့် ကိစ္စရပ်များ အစရှိသည်များကို ဆွေးနွေးရာတွင် မပြီးပြတ်ခဲ့သည့်အတွက် ညီလာခံ (ဒုတိယ) ပိုင်းကို ဆက်လက်ပြုလုပ်ရန် မေ ၁၈ ရက် အစည်းအဝေးတွင် သဘောတူထားခဲ့ကြခြင်း ဖြစ်သည်။
ညီလာခံကို တစ်လအတွင်း ထပ်မံကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှာ ဆွေးနွေးပွဲများကြောင့် အားလပ်မှုမရှိခြင်း၊ ထို့အပြင် COVID-19 ကပ်ရောဂါ ဖြစ်ပွားလာခြင်းများကြောင့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းမရှိပဲ ကြန့်ကြာနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS ၊ ကရင်အမျိုးသားဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။