မဲရုံတာဝန်ထမ်းဆောင်ခဲ့သဖြင့် ရရှိခဲ့သောငွေကို လစာထဲမှ ပြန်လည်ဖြတ်တောက်ခံခဲ့ရကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဆရာမများက ပြောသည်။
အဆိုပါမြို့နယ်တွင် မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများအနေဖြင့် ၁၈၀၀၀ ကျပ်ကို ခံစားခွင့်ရရှိခဲ့ပြီးယင်းငွေထဲမှ ၁၂၀၀၀ ကျပ်ကို ဒီဇင်ဘာလအတွက် ရရှိသည့်လစာငွေထဲမှ ပြန်လည်ဖြတ်တောက်ခံရသဖြင့် ၆၀၀၀ ကျပ်သာရရှိခဲ့ကြောင်း သိရသည်။
“ငွေကအားလုံး ၁၈၀၀၀ ရပါတယ်။ အဲဒါကို ၁၂၀၀၀ ဖြတ်ပါတယ်။ လကုန်လို့ လခထဲကနေဖြတ်တာပါ။ ဘာကြောင့် ဖြတ်တာလဲဆိုတာကိုတော့ မပြောတတ်ဘူး။ တခြားဆရာမတွေလည်း ဖြတ်တောက်ခံရတာတွေတော့ရှိတယ်” ဟု စစ်တွေမြို့၊ အုန်းတပင်ရပ်ကွက် မဲရုံအမှတ် (၁) တွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ကျခဲ့သော ဆရာမတစ်ဦးက ပြောသည်။
မဲရုံတာဝန်ထမ်းဆောင်ရရှိသည့် ခံစားခွင့်ကို အကြောင်းအမျိုးမျိုးဖြင့် ဖြတ်တောက်ခံခဲ့ရခြင်းဖြစ်ကြောင်း စစ်တွေမြို့၊ ရွာသာယာကျောင်းတွင် မဲရုံတာဝန်ထမ်းဆောင်ခဲ့သူ ဆရာမတစ်ဦးက ဖြည့်စွက်ပြောသည်။
“ကျွန်မကတော့ အပူတိုင်းနဲ့ ပါပါတယ်။ ကျွန်မတို့ကို အပူတိုင်းဖြစ်လို့၊ တစ်ရက်တည်းပဲလုပ်ရတဲ့အတွက် ဖြတ်တာလို့ပြောတယ်။ ကျွန်မတို့ကအစည်းအဝေးခေါ်တဲ့နေ့ကလည်း သွားခဲ့ရတယ်။ သောကြာနေ့ကလည်း သွားရတယ်။ ရွေးကောက်ပွဲနေ့မှာလည်း ကျွန်မတို့သွားခဲ့ရတယ်။ ရွေးကောက်ပွဲနေ့ကဆိုလိုရှိရင် ကျွန်မတို့ဟာ နံနက် ၅ နာရီလောက်ကနေ၊ ၉ နာရီလောက်အထိ နေခဲ့ရတယ်”ဟု ၎င်းကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မဲရုံတာဝန်ထမ်းဆောင်သည့် ဆရာ၊ ဆရာမများ၏ ခံစားခွင့်များအား ပြန်လည်ဖြတ်တောက်ခြင်းမရှိဘဲ၊ တစ်ရက်သာလာရောက်ရသည့်သူများကို မဲရုံအဖွဲ့ဝင်များကဲ့သို့ ငွေမှားယွင်းပေးမိခြင်းကြောင့် လစာထုတ်သည့်နေ့တွင် ဖြတ်တောက်ရခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ်၊ ပညာရေးမှူး ဦးအေးသန်းက ရှင်းလင်းပြောကြားခဲ့သည်။
စစ်တွေမြို့နယ်၊ ပညာရေးမှူး ဦးအေးသန်း “မဲရုံအဖွဲ့ဝင်တွေကို ရွေးကောက်ပွဲနေ့အတွက် တစ်ရက်၊ ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်ဖို့အတွက် နှစ်ရက်ဆိုပြီးတော့ သုံးရက်စာပေးတယ်။ တချို့က ရွေးကောက်ပွဲနေ့ တစ်ရက်တည်းလုပ်ရတာဖြစ်တဲ့အတွက် တစ်ရက်စာပဲပေးတယ်။ အဲဒါကို မြို့နယ်ကော်မရှင်က မရှင်းမလင်းဖြစ်ပြီးတော့ ထုတ်ပေးလိုက်တဲ့သဘောပါ။ အဲဒါကို လစာထုတ်တဲ့ရက်မှာ နှစ်ရက်စာ ဖြတ်တောက်ပြီးတော့ ပြန်သွင်းရတာပါ” ဟုပြောသည်။