ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရုပ်ထုဖြုတ်ချထားမှုအပေါ် သူတို့ အမြင်

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရုပ်ထုဖြုတ်ချထားမှုအပေါ် သူတို့ အမြင်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဘဲဂရက်ကျေးရွာတွင် စိုက်ထူထားသည့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ ကြေးရုပ်ထုအား ယမန်နေ့ (ဒီဇင်ဘာ ၃ရက်) ညနေက ဖြုတ်ချထားလိုက်ရသည့် အခြေအနေနှင့်ပတ် သက်၍ ကရင်နိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့အချို့မှ ခေါင်းဆောင်များ၏ အမြင်သဘောထားများကို ယခုလို စုစည်းတင်ပြလိုက်ပါသည်။

မန်းကျော်ငြိမ်း။ ။ (အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသားပါတီ-KNP)

ဒီကိစ္စတွေက လုပ်လည်းလုပ်ထားပြီးသားပဲလေ။ ရွာကလည်းလုပ်ထားပြီးသား။ အခုလိုဖိအားပေးပြီး လုပ်ခိုင်းတယ်ဆိုတဲ့ပုံစံကမဖြစ်သင့်ဘူးလေ။ မဖြစ်သင့်ဘူးဆိုတာက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်း လိုချင် တယ်။ တိုင်းရင်းသားရင်ကြားစေ့ရေးဖော်ဆောင်တဲ့နေရာမှာ ဒါတွေကိုတော့ ရှောင်ကျဉ်းသင့်တာပေါ့ဗျာ။ ဒါကိုထိန်းထိန်း သိမ်းသိမ်းလုပ်မယ်ဆိုလို့ရှိရင် ဒီလောက်ကြီးလည်း ဖြစ်လာစရာမရှိဘူး။ နောက်တစ်ချက်က ဒီရုပ်ထုက လုပ်ထားပြီးပြီ ဆိုရင်လည်း ဒါကိုတခြားနည်းလမ်းနဲ့ပေါ့၊ ပြောလို့ဆိုလို့လည်းရတဲ့ကိစ္စကို အတင်းဖိအားပေးလုပ်ခိုင်းတဲ့ကိစ္စက အားလုံးရဲ့ စိတ်ထဲမှာ လူမျိုးတစ်မျိုးကို သွားပြီးထိခိုက်တဲ့ သဘောဖြစ်နေတာပေါ့။ အဲဒါလေးကိုတော့ ရှောင်ကျဉ် သင့်တယ်လို့မြင်တယ်လေ။

အစိုးရအဖွဲ့အနေနဲ့ကလည်း ဘာပဲဖြစ်ဖြစ်လေ ဒီကိစ္စကိုသတိထားကိုင်တွယ်သင့်တာပေါ့။ သေချာမေးမြန်း သဘောထားတွေယူပြီးတော့မှပဲ လုပ်တာပိုကောင်းတာပေါ့။ ဖိအားပေးပြီးလုပ်တာကတော့မလုပ်သင့်ဘူးလေ။ ဥပဒေကြောင်းအရ တကယ်လို့ မသင့်တော်သေးဘူးဆိုရင်လည်း မသင့်တော်သေးဘူးစတဲ့ ဥပဒေကြောင်း အရဘယ်လိုလုပ်သင့်တယ် စသဖြင့် ဒါလေးတော့ လုပ်ဖို့ကောင်းတာပေါ့။

နောက်ပြီး ကရင်မိဘပြည်သူ လူငယ်တွေအနေနဲ့ကလည်း ဒါကကျနော်တို့အမျိုးသားရေးနဲ့ပတ်သက်လို့ စိတ်ဆွပေး သလိုဖြစ်တဲ့ကိစ္စမျိုးတွေ ဖြစ်တဲ့အခါကျတော့ သတိထားကြဖိ့ုလိုတာပေါ့။ ဒါတွေက ဆွပေးသလိုဖြစ်လာတော့ ကိုယ့်ဘက်ကလည်း သတိထားပြီးဆင်ခြင်ဖို့တော့ လိုကြမယ်လို့ပြောချင်ပါတယ်။

နော်အုန်းလှ။ ။ (အထွေထွေအတွင်းရေးမှူး၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ -UNDP)

လက်ရှိမှာတော့ နိုင်ငံရေးအရ ရခိုင်ကတော့ တိုက်ရင်းဆွေးနွေးတော့ အဆင်ပြေတယ်လေ။ ကရင်ဘက်မှာတော့ သူတို့ဘက်က တိုက်ပွဲဖြစ်အောင်ဖန်တီးထားတယ်။ ဒီဘက်ကျတော့ မဆီမဆိုင်ဘဲ လုပ်တဲ့ ကိစ္စတွေ။ အဲဒီတော့ ဒီဘက်ကလူတွေကို လာခြောက်တယ်။ စောဘဦးကြီး က KNU ခေါင်းဆောင်၊ ကရင်ခေါင်းဆောင်လို့ သတ်မှတ်ထားပြီးသားဖြစ်တယ်။ ကရင်လူထုက သတ်မှတ်တဲ့ကိစ္စမှာ သူတို့က ဒါမလုပ်နဲ့ဆိုတော့။ တစ်နိုင်ငံလုံးကြည့်မယ်ဆိုရင်လည်း ရုပ်ထုတွေအများကြီးထုထားပြီးပြီလေ။ အစိုးရက ကိုယ်တိုင်ပါဝင်လုပ်ခဲ့တာတွေအများကြီးပဲ။

ဥပဒေကလည်းခွင့်ပြုထားပြီးသား၊ နိုင်ငံသားအခွင့်အရေးထဲမှာလည်း နေ့ထူးနေ့မြတ်တွေ၊ ကိုယ့်ရိုးရာယဉ်ကျေး မှုဓလေ့တွေ ထိန်းသိမ်းကြပါပြောတယ်။ ဒီကိစ္စမှာလည်း ကရင်သစ္စာဖောက်တွေပါတယ်လို့ပဲကျမမြင်တယ်။ ဒီလိုဖြစ်နေသမျှတော့ တော်လှန်ရေးက နှစ် ၇၀ ကျော်ကြာလည်းရမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အားလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်ဆိုတဲ့အခါကျတော့ ဖမ်းချင်ရင်ဖမ်းလေ။ ဒီကိစ္စကလည်း နိုင်ငံရေးစစ်ရေးအရ ပေါ်လာတာလို့ ကျမကတော့မြင်တယ်။

နောက်ပြီး ရောဂါကပ်ဘေးကာလမို့ ဘယ်မှသွားလာလို့မရတဲ့အခါကျတော့ ဒါကိုလုပ်လိုက်တာလို့လည်း ကျမမြင်တယ်။  ရန်ကုန်မှာဆို ကော်ခိုစောဘဦးကြီး ရုပ်ထုကို အိမ်တွေမှာ၊ အခမ်းအနားတွေ နှစ်သစ်ကူးတွေမှာကျမတို့ ထုတ်ပြကြတယ်။ ဒါကနေရာမရွေးဘူး။ ဟိုမှာက သူ့နေရာ မွေးရပ်ဇာတိမှာ ။ အစိုးရက ဒါကိုဖြုတ်ခိုင်းတယ်ဆိုတာ ကျမအနေနဲ့ ဒါမတရားလုပ်တာလို့ကျမမြင်တယ်။ ဒေသခံတွေကိုယ်တိုင်ကလည်း ဒါဟာ ငါတို့ရဲ့အခွင့်အရေး၊ ငါ့တို့ရဲ့ ရပိုင်ခွင့် ဆိုတာကိုလည်း သိထားသင့်တယ်လို့ကျမမြင်တယ်။

မန်းသန်းဝင်းဦး (အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ)

ကျနော်တို့သိရသလောက်ဒီရုပ်ထုအတွက် သက်ဆိုင်ရာကိုတင်ပြထားခြင်းမရှိဘူးလို့ ကြားသိရတယ်။ အဲဒီတစ်ခုပေါ့နော်။ ဒါကလည်း အစိုးရဘက်ပိုင်းအနေနဲ့ပြန်ပြီး ကြည့်သင့်တဲ့အရာပေါ့။ ပြီးခဲ့တဲ့နှစ်တွေ တုန်းကလည်း ကရင်ပြည်နယ်ထဲလည်းဖြစ်၊ ကေအဲန်ယူထိန်းချုပ်နယ်မြေလည်းဖြစ်တဲ့ ဘုရားသုံးဆူမှာ ကော်ခိုစောဘဦးကြီးရုပ်ထုကို နယ်မြေခံစစ်တပ်ကလက်မခံတဲ့ အခါကျတော့ အဲဒီမှာထားလို့မရဘူးပေါ့။

နောက်ပြီး ကော်ခိုစောဘဦးကြီးကိုမြင်တဲ့အမြင်နဲ့ပတ်သက်လို့ သူတို့ပုံဖော်တာက တော်လှန်ပုန်ကန် သူတောင် မဟုတ်ဘဲနဲ့ နိုင်ငံတော်အဆင့် လိုဖြစ်နေတာပေါ့ ဒီဟာက။ ဒီနေရာမှာ သူတို့သဘောထား ကိုလည်း သိဖို့လိုတယ်။ သူတို့ဘယ်လောက်ထိ သဘောထားသလဲပေါ့။ အဲဒီအမြင်အပေါ် သူတို့ဘယ်လောက် ထိပြင်းထန်သလဲ၊ နောက်ပြီး စီမံအုပ်ချုပ်ရေးအောက်မှာ နေရတဲ့ကျနော်တို့ကရင်လူမျိုးတွေက တဖက်က ပြင်းထန်မယ်၊ ဒီဘက်ကလည်းပြင်းထန်မယ်ဆိုရင်တော့ ဘာတွေအကျိုးကျေးဇူးရှိလာမလဲ စဉ်းစားရမှာပေါ့။

တဖက်က တော်လှန်ပုန်ကန်သူအဖြစ်ပုံဖော်ထားပေမယ့်လည်း ကျနော်တို့ဘက်မှာက ကျနော်တို့ကရင်လူမျိုးအတွက် အသက်စွန့်ပြီး မူလေးချက်ကိုပေးသွားခဲ့တယ်။ တဖက်မှာဆန့်ကျင်သူဖြစ်ပေမယ့် ဒီဘက်မှာ ခေါင်းဆောင် အဖြစ်သတ်မှတ်ထားတာပေါ့။ ဒီလိုအခြေအနေမှာလည်း လက်ရှိကရင်ရေးရာဝန်ကြီးတွေက ဒါကိုကောင်းကောင်းလေး ဆွေးနွေး အဖြေရှာသင့်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တွံတေးသိန်းတန်ရုပ်ထုဆိုဗျာ တွံတေးမြို့အဝင်ဝမှာကို အကြီးကြီးစပါယ်ရှယ်ဆောက်ထားတာ။ ကျနော်တို့အနေနဲ့ကလည်း ခေါင်းဆောင်ရဲ့မွေးဖွားရာဇာတိဖြစ်တယ်၊ နောက်ပြီး ဟိုးတောရွာလေးမှာ သူနေခဲ့တဲ့ရွာလေးမှာ ကရင်လူထုအတွက် အသက်ပေးသွားတဲ့ခေါင်း ဆောင်အတွက် ဒါလေးကိုထားတာက မြန်မာနိုင်ငံလုံခြုံရေး၊ အုပ်ချုပ်ရေးပဲဖြစ်ဖြစ် ဘယ်လိုတွေထိခိုက် သလဲဆိုတာ မေးခွန်းထုတ်ရမလိုဖြစ်နေပြီ။

တဖက်မှာလည်း ကေအဲန်ယူထိန်းချုပ်နယ်မြေမှာတောင် သူတို့ဒါကို မထားတော့ဘဲ ဆုတ်သွားရသလဲပေါ့။ ကျနော်တို့အတွက်စဉ်းစားစရာတစ်ခုပေါ့။ ဒီလိုကိစ္စမျိုးတွေကိုလည်း ကျနော်တို့ဘက်မှာတော့ သတိထားပြီးဆောင်ရွက်သင့်တယ်။ ဒါနဲ့ပတ်သက်ပြီးဆောင်ရွက်မယ်ဆိုလည်း ဥပဒေအရဖြစ်ဖို့တော့လိုတယ်။ စာနဲ့ပေနဲ့တင်သင့်လည်းတင်ပေါ့။ ရရင်လည်းရ၊ မရရင်လည်းမရဘူးပေါ့။ လက်ရှိအရွေးခံရတဲ့ကရင်ရေးရာ ဝန်ကြီးတွေကလည်း ဒါကိုညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။

နော်ဆဲဆဲ။ ။ (ဗဟိုကော်မတီအဖွဲ့ဝင်၊ ကရင်အမျိုးသမီးအစည်းအရုံး- KWO)

ကျမအမြင်ကတော့ ကျမတို့သမိုင်းကို တဖြည်းဖြည်းနဲ့ဖျောက်နေတဲ့ ရန်သူရဲ့ဗျူဟာတစ်ခုလို့ပဲ ကျမမြင်တယ်။ ကျမတို့လူငယ်တွေအနေနဲ့ကလည်း ဒီအပေါ်မှာအများကြီး စိတ်မသက်မသာဖြစ်ရတယ်။ သဘောမကျဘူး ဆိုရင်လည်း အစကတည်းက အပြတ်အသတ်ပြောပေါ့နော်။ အခုကလုပ်ပြီးမှ ပြန်ဖြုတ်ခိုင်းတာတော့ မသင့်တော်ဘူးပေါ့။ အခုက ရန်ကုန်မြို့တော်မှာမဟုတ်ဘူး၊ နေပြည်တော်မှာလည်းမဟုတ်ဘူး။ ကျမတို့ ကရင်လူမျိုးတွေ နေထိုင်တဲ့ ကရင်ဒေသဖြစ်သလို ခေါင်းဆောင်ကြီးရဲ့သူ့မွေးရပ်မြေလည်းဖြစ်တဲ့အခါကျတော့ ဘာမှပိတ်ပင်တားဆီးတာမျိုးမရှိဘဲနဲ့ ဘယ်လိုပဲဖြစ်ဖြစ် အခွင့်အရေးကတော့ ရှိသင့်တယ်။

ကျမတို့ဘယ်လောက်ပဲ အခွင့်အရေးနဲ့ပတ်သက်လို့ လွတ်လပ်မှုတွေနဲ့ပတ်သက်လို့ ပြောနေပါစေ တဖက်က မလိုလားတဲ့ နိုင်ငံရေးစိတ်ဆန္ဒကြောင့် လိုက်ဖျက်ဆီးနေမှာပဲ။ ဒီလိုမျိုးလိုက်လုပ်နေသရွေ့လည်း ကရင်လူထုက ငြိမ်ခံနေမှာမဟုတ်ဘဲ တနည်းမဟုတ်တနည်းတုန့်ပြန်မှုတွေရှိလာမှာပဲ။ တရားမျှတမှုအတွက် ပြန်ပြီးလုပ်ဆောင်ကြမှာပဲ။ ပြည်ထောင်စု လို့ဘယ်လိုပဲခေါ်ခေါ် ကျမတို့အပါအဝင် အခြားတိုင်းရင်းသားတွေကို အဲဒီလိုသတ်မှတ်တာမဟုတ်ဘူး။ အာဏာ တည်မြဲရေးအတွက်ကို မဟာလူမျိုးကြီးဝါဒကိုပဲဆက်ကျင့် သုံးသွားမယ်ဆိုလည်း ပဋိပက္ခတွေကို ဖြေလျှော့နိုင်မှာမဟုတ်ပါဘူး။

ဒီလိုဖြစ်စဉ်တွေကလည်း ဘယ်လိုနည်းနဲ့မှ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူပြုနိုင်မှာမဟုတ်ဘူး။ နောက်ပြီး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ မညီမျှမှုတွေ ဖိနှိပ်မှုတွေ ဆက်ပြီးပြုလုပ်နေတာဟာလည်း စစ်ပွဲကိုဖိတ်ခေါ် ရာရောက်ပါတယ်။ နောက်ပြီး ကရင်လူထုကလည်း ကိုယ့်အခွင့်အရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ အားလုံး ညီညွတ်ဖို့နဲအသံတစ်သံတည်းထွက်ဖို့လည်း လိုအပ်တယ်လို့ ကျမမြင်တယ်။

စောထွန်းထွန်း။ ။ (ဒါရိုက်တာ၊ Youth Circle )

ကရင်လူမျိုးတစ်မျိုးလုံးနဲ့ဆိုင်တဲ့ အသိအမှတ်ပြုထားတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ရုပ်ထုကိုဖယ်ရှားဖို့ ဘယ်ကပဲဖိအားပေးပေး ဒါကတော့လုံးဝမလုပ်သင့်တဲ့ကိစ္စလို့ ကျနော်မြင်တယ်။ ဒီတိုင်းပြည်မှာ ကရင်လူမျိုးတစ်မျိုး လုံးကိုလည်း အသိအမှတ်မပြုဘူးဆိုတဲ့ဟာမျိုးကို ဖော်ဆောင်နေသလိုမျိုး လုပ်တဲ့အတွက်လည်း ကျနော်အနေနဲ့လုံးဝကို ကန့်ကွက်ရှုတ်ချပါတယ်။

လက်ရှိအစိုးရအနေနဲ့ကလည်း ဒီလိုအခြေအနေအပေါ်မှာ အရေးပေါ်တုန့်ပြန်ပြီးတော့မှ ပြန်လည်သင့်မြတ်ရေးကိစ္စ ဖြေရှင်းဖို့ကိုလည်း လုပ်ဆောင်ဖို့လိုအပ်တယ်လို့ တောင်းဆိုချင်တယ်။ နောက်ပြီး ကျနော်တို့စဉ်းစားရမှာတစ်ခုက ကရင်ပြည်နယ် မူတြော်ခရိုင်မှာ အောက်ခြေတိုက်ပွဲဖြစ်နေတယ်ဆိုတော့ ဒါကိုကရင်တစ်မျိုးသားလုံးကလည်း စိတ်ဝင် စားတယ်။ တပ်မတော်ဘက်က ဘာတွေလုပ်မလဲပေါ့နော်။ ကရင်ပြည်နယ်မှာဖြစ်ပျက်နေတဲ့အချို့သောကိစ္စတွေဖြစ်တဲ့ မြဝတီကာစီနိုကိစ္စတွေ၊ BGF အရာရှိတွေ ဌာနေပြန်ပို့တဲ့ကိစ္စတွေဖြစ်နေသလိုဘဲ အခုဧရာဝတီတိုင်း ဘဲဂရက်မှာဖြစ်လာတဲ့ ကော်ခိုစောဘဦးကြီးရုပ်ထုကို ဖယ်ရှားခိုင်းတယ်ဆိုတာက ဆက်စပ်မှုလည်းရှိတယ်။

နောက်ကွယ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတယ်ဆိုတာကိုတော့ ကျနော်တို့ကရင်အမျိုးသား၊ ကရင်လူငယ်တွေ သုံးသပ်နားလည်ဖို့တော့ လိုအပ်တယ်။ အာဏာရှင်နဲ့တပ်မတော်က ဒီလိုကိစ္စတွေကို ဒီလိုပဲ လုပ်လေ့လုပ်ထရှိတယ် ဆိုတာကို ကျနော်တို့သိထားဖို့လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။

Most read this week

July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...
July 2, 2024
နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏...
July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...