“ပါတီအချင်းချင်း အပြန်အလှန်လေးစားမှု၊ တန်းတူထားမှုအပေါ်မှာ အခြေခံပြီးတော့ တတိယနေရာရွေးချယ်ဖို့ တောင်းဆိုတာပါ”

“ပါတီအချင်းချင်း အပြန်အလှန်လေးစားမှု၊ တန်းတူထားမှုအပေါ်မှာ အခြေခံပြီးတော့ တတိယနေရာရွေးချယ်ဖို့ တောင်းဆိုတာပါ”

မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမနှင့် တွေ့ဆုံမေးမြန်းခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေး လက်တွဲဆောင်ရွက်ရန်ဆိုသည့် ဖိတ်ခေါ်ချက်နှင့်အတူ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေးအစီအစဉ်ကို ၂၀၂၁ ခုနှစ် နှစ်ဆန်းတွင်ပင် စတင်လိုက်ပြီဖြစ်သည်။

 

တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် NLD အနေဖြင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ကို တာဝန်ပေးအပ်ခဲ့ပြီး ယင်းအဖွဲ့အနေဖြင့် ၂၀၂၁ ဇန်နဝါရီ ၁ ရက်တွင် ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများမျာမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ပြီး ဇန်နဝါရီ ၃ ရက်တွင် မွန်ပါတီများနှင့်တွေ့ဆုံရန် မွန်ပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။

 

ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း နေရာ ၁၁ နေရာရှိထားသော မွန်ညီညွတ်ရေးပါတီအနေဖြင့် NLD ကမ်းလှမ်းချက်အတိုင်း တွေ့ဆုံမည့် နေ့ရက်နှင့်အချိန်ကို လက်ခံသော်လည်း နေရာညှိနှိုင်းမရသဖြင့် တွေ့ဆုံပွဲပျက်ခဲ့ရကြောင်း သိရသည်။ သို့သော်လည်း မွန်ပါတီအနေဖြင့် နေရာနှင့်ပတ်သက်၍ တတိယနေရာတွင်တွေ့ဆုံရန် ဘာကြောင့် တောင်းဆိုခဲ့သလဲဆိုသည်နှင့်  NLD နှင့် တွေ့ဆုံဖြစ်ခဲ့ပါက မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်လဲဆိုသည်မှာ စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။

 

ထို့ကြောင့် အထက်ပါအကြောင်းအရာများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ တစ်ရက်အလို ဇန်နဝါရီ ၃ ရက် ညပိုင်းတွင် မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ၊ ရွေးကောက်ခံအမတ် နိုင်လယိတမကိုအား ယခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး - မနက်ဖြန် ဇန်နဝါရီ ၄ ရက်မှာ တွေ့မယ့်ကိစ္စက နေရာနဲ့ပတ်သက်ပြီး မသချောသေးဘူးလို့ သိရပါတယ်။ နေရာနဲ့ပတ်သက်ပြီးတော့ မွန်ညီညွတ်ရေးပါတီအနေနဲ့ ဘယ်လိုမျိုး ဆုံးဖြတ်ထားတာရှိလဲ။

 

နိုင်လယိတမ - NLD က တွေ့ဆုံဖို့ကိစ္စကို မနေ့ (ဇန်နဝါရီ ၂) က မွန်းလွဲ ၁ နာရီခွဲလောက်က တွေ့ဆုံရေးကိုယ်စားလှယ်အဖွဲ့ရဲ့ တာဝန်ပေးအပ်ချက်အရ ပြည်နယ် NLD ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ဆက်သွယ်လာပါတယ်။ သူတို့က ကျွန်တော်တို့ပါတီနဲ့ ဇန်နဝါရီ ၄ ရက် မနက် ၉ နာရီ သူတို့ရဲ့ ပြည်နယ်ပါတီရုံးမှာ တွေ့မယ်လို့ ကမ်းလှမ်းလာတယ်။ အဲဒီမှာ ကျွန်တော် ပြောလိုက်တာက ကချင်ပြည်နယ်ရဲ့ အတွေ့အကြုံအရ အခြေခံပြီးတော့ ရှင်းရှင်းလင်းလင်း တိတိကျကျပဲ အကြောင်းပြန်လိုက်တယ်။ NLD က လာတွေ့မယ့် ကိုယ်စားလှယ်တွေကို ကျွန်တော်တို့က အပြုသဘောနဲ့ ကြိုဆိုတယ်။ ဝမ်းလည်း သာတယ်။ သို့သော် ကျွန်တော်တို့ဘက်က တွေ့ဆုံမယ့် ပုဂ္ဂိုလ်တွေက ပါတီကိုယ်စားပြုပြီး သွားမယ့် ပုဂ္ဂိုလ်တွေဖြစ်တယ်။ အနိုင်ရကိုယ်စားလှယ်တွေအနေနဲ့ ကျွန်တော်တို့ ပါတီက စေလွှတ်ပြီးတော့ တွေ့မှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းပဲ ပြောလိုက်ချင်ပါတယ်လို့ ဒီတစ်ချက် ကျွန်တော်ပြောလိုက်တယ်။

 

နောက် ဇန်နဝါရီ ၄ ရက် မနက် ၉ နာရီ တွေ့ဆုံကြဖို့ကိုတော့ ကျွန်တော်တို့က သဘောတူတယ်။ ဒါပေမဲ့ တစ်ခု မေတ္တာရပ်ခံချင်တာက အကယ်၍ NLD ကိုယ်စားလှယ်တွေအနေနဲ့ ကျွန်တော်တို့ ပါတီရုံးမှာ လာပြီးတော့ တွေ့ဆုံမယ်ဆိုရင် ကြိုဆိုတယ်။ သို့သော် ကျွန်တော်တို့ ရုံးကို လာဖို့ အခက်အခဲရှိမယ်ဆိုရင် ကြားနေရာ၊ တတိယနေရာ တစ်နေရာမှာ တွေ့ဆုံချင်ပါတယ်ဆိုပြီး ကျွန်တော်တို့က မေတ္တာရပ်ခံခဲ့တယ်။ အဲဒီ မေတ္တာရပ်ခံချက်က မနေ့က အပြန်အလှန်စကားပြော ဖုန်းနဲ့ ဆက်သွယ်ရာမှာ ကျွန်တော်တို့ နောက်ဆုံး တတိယအကြိမ်အထိ အဲဒီလို တွေ့ဖို့ ထပ်လောင်းမေတ္တာရပ်ခံပါတယ်ဆိုပြီး အကြောင်းပြန်ခဲ့တယ်။ မနေ့ ညနေ ၄ နာရီ နောက်ပိုင်းကနေ စပြီးတော့ အခုလက်ရှိအချိန်ထိ တတိယနေရာမှာ သူတို့က လက်ခံဆွေးနွေးမလား၊ မဆွေးနွေးဘူးလားဆိုတာကတော့ ပြည်နယ် NLD ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က တရားဝင် အကြောင်းပြန်လာခြင်း မရှိသေးဘူး။

 

မေး - တွေ့ဆုံကြဖို့ NLD က ကမ်းလှမ်းလာတဲ့အခါမှာ မွန်ညီညွတ်ရေးပါတီအနေနဲ့ တတိယနေရာမှာတွေ့ဆုံဖို့ ဘာကြောင့် တုန့်ပြန်တောင်းဆိုဖြစ်တာပါလဲ။

 

နိုင်လယိတမ - အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု၊ ပါတီတစ်ခုနဲ့တစ်ခု တွေ့ဆုံ ဆွေးနွေးတယ်ဆိုတာက နိုင်ငံတကာမှာရော ကျွန်တော်တို့နိုင်ငံမှာပါ အများအားဖြင့် အတော်များများ အားလုံးလိုလိုက ကြားနေရာ၊ တတိယနေရာတစ်ခုမှာပဲ တွေ့ဆုံဆွေးနွေးခဲ့တယ်။ အခုလို ကျွန်တော်တို့ဘက်က မေတ္တာရပ်ခံတာကတော့ ကျွန်တော်တို့ တစ်ဖက်သတ်မကျဘူးလို့ပဲ ခံယူပါတယ်။ ပါတီအချင်းချင်း အပြန်အလှန်လေးစားမှု၊ တန်းတူထားမှုအပေါ်မှာ အခြေခံပြီးတော့ တတိယနေရာရွေးချယ်ဖို့ တောင်းဆိုတာပါ။ ဒါကြောင့်မို့ ဒါဟာ တစ်ဖက်သတ်မကျဘူးလို့ ကျွန်တော်တို့ ဒီလိုပဲ ခံယူပါတယ်။

 

မေး - ကချင်ပြည်နယ်အတွေ့အကြုံအပေါ် မူတည်ပြီးတော့ မွန်ညီညွတ်ရေးပါတီအနေနဲ့ စဉ်းစားတယ်ဆိုတော့ ကချင်ပြည်နယ်မှာက ဘယ်လိုမျိုး သုံးသပ်စရာ တွေ့ထားရလို့လဲ။

 

နိုင်လယိတမ - ကျွန်တော်တို့ ကြားရသလောက်ပေါ့နော်၊ ကျွန်တော်တို့ KSPP (ကချင်ပြည်နယ်ပြည်သူ့ပါတီ) ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ် သိရှိထားချက်အရဆိုရင် ကချင်ပြည်နယ်မှာ NLD က စတင်ဖိတ်ခေါ်ကတည်းက ပါတီကိုမဖိတ်ခေါ်ဘဲနဲ့ အနိုင်ရကိုယ်စားလှယ်တွေကို ဖိတ်ခေါ်လိုက်တဲ့အခါကျတော့ ပါတီရဲ့ ရပ်တည်ချက်နဲ့ ကွဲလွဲသွားတာပေါ့။ နောက်တခါ ကျွန်တော်ပြောချင်တာက မူလ NLD ရဲ့ ထုတ်ပြန်ချက်မှာ ၄၈ ပါတီကို ပို့တဲ့စာထဲမှာလည်း ပါတီနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့အချက်က ပါပြီးသားဆိုတော့ ခုက ပါတီနဲ့မဆွေးနွေးဘဲနဲ့ အနိုင်ရကိုယ်စားလှယ်ကို ဆွေးနွေးလိုက်တာ အနာဂတ်ဆက်ဆံရေးအတွက် သိပ်တော့ မကောင်းဘူးပေါ့။ ဖြစ်သင့်တာက တစ်ပါတီနဲ့တစ်ပါတီ အပြန်အလှန် လေးစားမှုကိုအခြေခံပြီးတော့ မူလထုတ်ပြန်ထားတဲ့အတိုင်း ပါတီနဲ့ တွေ့သင့်တယ်လို့ပဲ ကျွန်တော်တို့က မှတ်ယူပါတယ်။

 

မေး - NLD နဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ထပ်လောင်းပြောလိုတာရှိရင် ပြောပြပေးပါဦး။

 

နိုင်လယိတမ - NLD ကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ကိစ္စအပေါ် ဒီနေ့လည်း ကျွန်တော်တို့ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးတဲ့နေရာမှာ ခုနက ပြောတဲ့ တတိယနေရာမှာ တွေ့မယ်ဆိုပြီးတော့ အဲဒီအတိုင်းပဲ မူလရပ်တည်ချက်က မပြောင်းလဲဘူး။ တွေ့ဆုံဆွေးနွေးချင်တဲ့ ဆန္ဒက ကျွန်တော်တို့ဘက်မှာ အပြည့်အဝ ရှိတယ်။ ဆွေးလည်း ဆွေးနွေးချင်တယ်။ တွေ့လည်း တွေ့ချင်တယ်။ သို့သော် အပြန်အလှန် လေးစားမှု၊ ပါတီချင်း တန်းတူသဘောထားမှုအပေါ်မှာ အခြေခံပြီးတော့ တတိယနေရာ အဆိုပြုထားတာကို လက်ရှိအချိန်ထိ အကြောင်း မပြန်လာတဲ့အခါကျတော့ ကျွန်တော်တို့လည်း လောလောဆယ် နားမလည်နိုင်သေးဘဲ ဖြစ်နေတဲ့ အခြေအနေတွေရှိတယ်။ နောက်တစ်ချက်၊ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ဘာကို ဆွေးနွေးမလဲဆိုတာ ကျွန်တော်တို့ ဒီကနေ့ CEC အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ဖြစ်ပါတယ်။

 

ချုပ်ပြီးပြောရမယ်ဆိုရင် NLD နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ၄၈ ပါတီအပေါ် NLD ပေးပို့တဲ့ အိတ်ဖွင့်ပေးစာပါ (တစ်) အချက်က အနာဂတ်နိုင်ငံအတွက် တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ဘုံသဘောထားတစ်ရပ်ရအောင် ဆွေးနွေးမယ်လို့ သူတို့ပြောထားတယ်။ နောက် တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒကို အလေးထားမယ်ဆိုတဲ့ သူတို့ပေးပို့လာတဲ့ စာအပေါ်အခြေခံပြီး ကျွန်တော်တို့ ဒီနေ့ အစည်းအဝေးမှာ စဉ်းစားတယ်၊ ဆွေးနွေးတယ်။

 

သူတို့ကမ်းလှမ်းလာတဲ့ စာအပေါ် ဆွေးနွေးလိုက်တဲ့အခါ သူတို့နဲ့ ကျွန်တော်တို့တွေ့ဆုံရင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် အဓိကကျတဲ့ နိုင်ငံရေးအချက်အလက်တွေကိုပဲ ကျွန်တော်တို့ ဆွေးနွေးမယ်။ ဖက်ဒရယ်ပြည်ထောင်စုအတွက် အဓိကကျတဲ့ အချက်အလက်ဆိုတာက ဖက်ဒရယ်ပြည်ထောင်စုကိစ္စကို ဆွေးနွေးတဲ့နေရာမှာ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်မှာချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်အပေါ်မှာ အခြေခံဖို့လိုတယ်။

 

နောက်တစ်ချက်က ၁၉၄၇ မေ ၂၃၊ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ဖဆပလ ပဏာမညီလာခံက သဘောတူဆုံးဖြတ်ထားတဲ့ အခြေခံမူ ၁၄ ရပ်ကို အခြေခံရမယ်။ အဲဒါနဲ့တစ်ဆက်တည်း ၁၉၄၇ ဇွန် ၁၆ ရက်နေ့မှာကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ သဘောတူချမှတ်ခဲ့တဲ့ အခြေခံမူ ၇ ချက်ရှိတယ်။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ စဉ်းစားမယ်ဆိုလို့ရှိရင် ဒီအချက်အပေါ်မှာ အခြေခံပြီး စဉ်းစားဖို့လိုတယ်။ ကျွန်တော်တို့က ဒီအပေါ်မှာ ရပ်တည်ပြီးတော့ ဆွေးနွေးသွားဖို့ ပြင်ဆင်ထားပါတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...