UEC ၏အသိပေးချက်ကို လစ်လျူရှု၍ ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့်မဲစာရင်းများ တပ်မတော်ထုတ်ပြန်

UEC ၏အသိပေးချက်ကို လစ်လျူရှု၍ ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့်မဲစာရင်းများ တပ်မတော်ထုတ်ပြန်

ချောင်းဆုံမြို့နယ်အပါအဝင် မြို့နယ်ခုနစ်ခုတွင် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့်မဲစာရင်းများ စိစစ်တွေ့ရှိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ မဲမသမာမှုဖြစ်နိုင်သော စာရင်းများကို တပ်မတော်က ဇန်နဝါရီ ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပဉ္စမအကြိမ်အဖြစ် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်ကာ အဲဒီစာရင်းမှာ ချောင်းဆုံအပြင် ရပ်စောက်၊ စဥ့်ကိုင်၊ ဇေယျာသီ ရိ၊ မင်းဘူး၊ မအူပင်၊ တပ်ကုန်း စသည့် မြို့နယ်တွေလည်း ပါဝင်နေခြင်းဖြစ်သည်။

 

ချောင်းဆုံမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူစာရင်းတွင် ၁၃၂,၅၅၂ ဦးရှိနေသော်လည်း တပ်မတော်က ပုံစံ ၁ ဖြင့် တောင်းယူစိစစ်သည့်စာရင်းအရ ဆန္ဒမဲပေးခွင့်ရှိသူ ၁၃၁,၅၅၈ ဦးသာရှိနေကြောင်း သိရသည်။

 

ထို့ပြင် မဲမသမာမှုပြုနိုင်သော ထပ်နေသည့်မဲစာရင်း ၁၄,၅၃၇ ဦး၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၂,၈၂၃ ဦး၊ စုစုပေါင်း ၂၇,၃၆၀ ဦး စိစစ်တွေ့ရှိကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

တပ်မတော်အနေဖြင့် မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်းများထုတ်ပြန်ချက်မှု ယခုမတိုင်ခင် လေးစောင်ရှိခဲ့ပြီး မြို့နယ် ၁၆ ခုတွင် စိစစ်တွေ့ရှိချက်များကို ဖော်ပြခဲ့ခြင်းဖြစ်ကာ အောင်မြေသာဇံ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တနိုင်း၊ မြစ်ကြီးနား၊ လယ်ဝေး၊ စေတုတ္ထရာ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်းမနား၊ တံတားဦး၊ မုံရွာ၊ အရာတော်၊ ထားဝယ်၊ လောင်းလုံ၊ ပုလော မြို့နယ်တို့မှ စာရင်းများဖြစ်သည်။

 

တပ်မတော်ကထုတ်ပြန်သော မဲစာရင်းများသည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့၌ အသုံးပြုခဲ့သည့် မဲစာရင်းများမဟုတ်ကြောင်းနှင့် ယခုအခါ ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲနေ့တွင်ဖြစ်ပွားခဲ့သည့် ရဲအရေးပိုင်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် တရားမဲ့ပြုကျင့်မှုအတွက် တင်သွင်းလာသည့် ကန့်ကွက်လွှာများကို စစ်ဆေးနေသည့်ကာလဖြစ်သဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲရလဒ်များကို လက်မခံသည့်သဘော သက်ရောက်စေသည့်် သဘောထားထုတ်ပြန်ချက်များမပြုလုပ်ရန် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးချက်ကို ဒီဇင်ဘာ ၃၀ ရက်၌ ထုတ်ပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...