အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့် ကယားပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နှင့်တွေ့ဆုံရန် အကြောင်းမကြားသေးကြောင်း ပါတီအတွင်းရေးမှူး ဦးသဲရယ်က ပြောသည်။
“ကျွန်တော်တို့ KySDP နဲ့ NLD တွေ့ဆုံမယ့်ကိစ္စကတော့ တိတိကျကျမဖြေတော့မထွက်လာသေးဘူး။ ကျွန်တော်တို့က ပါတီအနေနဲ့တွေ့ဖို့ပေါ့။ အနိုင်ရကိုယ်စားလှယ်နဲ့ပဲတွေ့မယ်ဆိုရင်တော့ ပါတီကနေပြီးတော့ ခွင့်ပြုမှာမဟုတ်ဘူးပေါ့။ ကိုယ်စားလှယ်ကပါတီကိုယ်စားပြုရမှာဖြစ်သလို မဲထည့်ခဲ့တဲ့ပြည်သူ အနေနဲ့ကိုယ်စားပြုမှာဖြစ်တဲ့အတွက် အနိုင်ရကိုယ်စားလှယ်ကသီးသန့်သွားတွေ့တာမျိုးတော့ ပါတီကခွင့်ပြုမှာ မဟုတ်ဘူး။ ပါတီရဲ့ ဆုံးဖြတ်ချက်အရဆိုရင် ပါတီနဲ့တွေ့ပြီး ပါတီနဲ့မတွေ့ဘူးဆိုရင်တော့ တွေ့စရာအကြောင်း မရှိဘူးလို့ ဆုံးဖြတ်ချက်ချထားပါတယ်။ တကယ်လို့ သူတို့နဲ့တွေ့ဖြစ်ခဲ့မယ်ဆိုရင် ဘာတွေဆွေးနွေးရမလဲဆိုတာ ဆွေးနွေးပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာအသေးစိတ်တော့ ပြောလို့မရဘူးပေါ့နော်”ဟု ဦးသဲရယ်ကပြောသည်။
တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရန်အစီအစဉ်ကို အသေးစိတ်မသိရသော်လည်း အနိုင်ရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမည်ဟုသာ ကြားသိရသည့်အတွက် တိုင်းရင်းသားအခြေစိုက်ပါတီနှင့်တွေ့ဆုံရန် အစီအစဉ်မရှိ သည့်ပုံစံမျိုးဖြစ်ကြောင်း ဦးသဲရယ်က သုံးသပ်ပြောကြားသည်။
“အနိုင်ရကိုယ်စားလှယ်လို့ပြောသွားတဲ့နေရာမှာလည်း တခြားပါတီကကိုယ်စားလှယ်တွေပါလား မပါဘူးလား ဆိုတာ မပြောဘူး။ နောက်ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေဆိုပြီးတော့ ဖြေသွားတာလည်း ဘယ်တိုင်းရင်းသားလဲပေါ့။ တိုင်းရင်းသားပါတီမျိုးလား တခြားသောတိုင်းရင်းသားအဖွဲ့ခေါင်းဆောင် တွေနဲ့တွေ့ မလားပေါ့။ မဟုတ်ရင်လည်း သူတို့ပါတီထဲမှာပါဝင်ခဲ့တဲ့ တိုင်းရင်းသားပါတီဝင်အချို့ကိုပဲပြောတာလားပေါ့။ သူတို့မီဒီယာမှာဖြေကြားသွားတဲ့အပေါ်မှာတော့ တိုင်းရင်းသားပြည်နယ်အခြေစိုက်ပါတီနဲ့တွေ့ဖို့အစီအစဉ်မရှိတဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့လေ။ ဒီအပေါ်မှာတော့ ဘားမှ မှတ်ချက်ပြုစရာမရှိပါဘူး” ဟု ၎င်းကဆိုသည်။
NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်တွင် ပထမဆုံးအဖြစ် ကချင်ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီများနှင့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဒုတိယအနေဖြင့် မွန်ပြည်နယ်တိုင်းရင်းသားပါတီများနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီဖြစ်သည့် KySDP ပါတီနှင့် မည်သည့်အချိန်တွင် တွေ့ဆုံ ဆွေးနွေးမည်ကို NLD ဗဟိုပြန်ကြားရေးအဖွဲ့မှ မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းကြည့်ရာတွင် ၎င်းအ နေဖြင့်မသိရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။
“အဲဒါက ဒေါက်တာအောင်မိုးညိုခေါင်းဆောင်တဲ့ သုံးယောက်အဖွဲ့ပေါ့ သူတို့မှာတော့ အစီအစဉ်ရှိပုံရပါတယ် ကျတော်တို့ကတော့ ဘားမှမသိဘူး အဲဒီကိစ္စကိုလေ ကျတော်ကအဲ့ထဲမှာမပါတော့မသိဘူး ကျတော်က ပြန်ကြားရေးအနေနဲ့ပြောပေးရတဲ့အဆင့်ပဲရှိပါတယ်”ဟု မုံရွာအောင်ရှင်က ပြောသည်။
NLD ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်သုံးဦးဖြစ်သည့် မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် နှင့် ကချင်ပြည်နယ်မြစ်ကြီးနားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ကို တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးရန် ဒီဇင်ဘာလဒုတိယပတ်က ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအင်ထုံခါးနော်ဆမ်က “ဒေါက်တာအောင်မိုးညိုပဲစီစဉ်တာပါ။ အတိအကျကတော့ ဒေါက်တာအောင်မိုးညိုပဲသိမယ်။ ဒီနေ့တော့ ကချင်ပြည်နယ်မြစ်ကြီးနားကိုရောက်နေပြီ အနိုင်ရတိုင်းရင်းသားပါ တီတွေထဲက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ မနက်ဖြန်စီစဉ်တယ်။ သိရသလောက်ကတော့ ဒီကနေပြီးရင် မွန်ဖက်ကိုသွားဖို့ပဲ မွန်တော့သိလိုက်တယ်။ အဲဒီဖက်ကတော့ နောက်မှဖြစ်မယ်ထင်တယ် တဆင့်ပြီးတဆင့်” ဟု ပြောသည်။
ရွေးကောက်ပွဲအပြီး NLD ပါတီမှ နိုဝင်ဘာလ ၁၂ရက်နေ့တွင် ထုတ်ပြန်ထားသည့် “နောင်အနာဂတ်မြန်မာနိုင်ငံ အတွက် ရှေးရှုရမည့်ပြည်ထောင်စုအရေးကိစ္စ”ဟူသည့်ခေါင်းစဉ်ဖြင့် တိုင်ရင်းသားနိုင်ငံရေးပါတီများသို့ စာပေး ပိုးခဲ့ပြီး ယင်စာထဲတွင်တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။