ရွေးကောက်ပွဲမတိုင်မီ ပျောက်ဆုံးခဲ့သော တင်းမကျေးရွာသား ၂၁ ဦးအမှု ယနေ့အချိန်အထိ ထူခြားမှုမရှိသေး

ရွေးကောက်ပွဲမတိုင်မီ ပျောက်ဆုံးခဲ့သော တင်းမကျေးရွာသား ၂၁ ဦးအမှု ယနေ့အချိန်အထိ ထူခြားမှုမရှိသေး
by -
ထွန်းခိုင် (နိရဥ္စရာ)

ရွေးကောက်ပွဲမတိုင်မီ ပျောက်ဆုံးခဲ့သော တင်းမကျေးရွာသား ၂၁ ဦးအမှု ယနေ့အချိန်အထိ ထူခြားမှုမရှိသေးကြောင်း သိရသည်။

 

အဆိုပါ တင်းမကျေးရွာသား ၂၁ ဦး ပျေက်ဆုံးနေသည်မှာ ကိုးလကျော်ကြာမြင့်နေပြီးဖြစ်ပြီး တပ်မတော်က ဖမ်းဆီးပြီးနောက် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုကြောင့် ပျောက်ဆုံးနေသော တင်းမကျေးရွာသားများအမှုအား အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရရှိ ရေးအတွက် ရခိုင်ရှေ့နေများကောင်စီကို အကူအညီတောင်းခံထားကြောင်း ပျောက်ဆုံးနေသူတစ်ဦး၏ မိသားစုဝင်ဖြစ်သူ ဦးထွန်းသိန်းက ပြောသည်။

 

“ကျွန်တော်တို့က ကျောက်တော်ရဲစခန်းမှာ ဒီကိစ္စအတွက် အကြိမ်ကြိမ်တိုင်ဖူးတယ်။ ဒါပေမဲ့ တစ်ခုမှ လုပ်မပေး တဲ့အတွက် ဒီကိစ္စကို ဖော်ထုတ်ချင်တဲ့အနေနဲ့ ကျွန်တော်တို့က တရားမျှတမှုကို လိုချင်တဲ့အနေနဲ့ ရှေ့နေများ ကောင်စီကို အကူအညီတောင်းရတာဖြစ်တယ်” ဟု ၎င်းကပြောသည်။

 

မှုခင်းပိုင်းဆိုင်ရာများကို ဆောင်ရွက်သောအချိန်တွင် ရှေ့နေများပါဝင်လျှင် ပိုမိုထိရောက်မှုရှိနိုင်ကြောင်းနှင့် အမှားနည်းအောင်အတွက် ရခိုင်ရှေ့နေများကောင်စီအား အကူညီတောင်းခံရခြင်းဖြစ်ကြောင်း ပျောက်ဆုံးနေသူများအတွက် တရားမျှတမှုရရှိရေး ကူညီဆောင်ရွက်နေသူ ကျောက်တော်မြို့မှ လူထုဇော်ဝင်း (ခ) ကိုဇော်ဝင်းကပြောသည်။

 

“အရင်ဆုံးကျွန်တော်တို့က ကျောက်တော်မြို့မရဲစခန်းမှူးကို တရားစွဲမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တင်းမရွာသားတွေနှင့် အရင်ဆုံးစခန်းကို သွားခဲ့တဲ့နေ့က ကျွန်တော်တို့ကို မဖွယ်မရာပြောဆိုမှုတွေ၊ ခြိမ်းခြောက် မှုတွေ အများကြီးရှိတယ်။ အဲဒါနဲ့ပတ်သက်လို့ စခန်းမှူး၊ မြို့နယ်မှူးတို့က အောက်ခြေ တာဝန်ရှိသူတွေကို အရေးယူ၊ အပြစ်ပေးတာတို့ ဒီနေ့အချိန်ထိလုံးဝမရှိသေးဘူး။ ပြည်သူကို အားမနာ ခြိမ်းခြောက်တဲ့ ရဲဝန်ထမ်းတချို့ကို အရေးယူမှုမရှိတဲ့အတွက် သူတို့မှာ အပြစ်ရှိတယ်။ ဒါကြောင့် သူတို့ကိုတရားစွဲမယ်လို့ စိတ်ကူးထားတယ်။ ဒါပေမယ့် ရှေ့နေတွေနဲ့ တိုင်ပင်ရင်တော့ အဖြေတစ်ခုပေါ်လာမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

 

အဆိုပါ အကူအညီတောင်းခံမှုနှင့် ပတ်သက်၍ ရခိုင်ရှေ့နေများ ကောင်စီကလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ထိုကောင်စီအတွင်းရေးမှူး ကိုဇော်ဇော်မင်းက ပြောသည်။

 

“ကျွန်တော်တို့အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီးတော့ ဘယ်လို့လုပ်ဆောင်သွားမယ်။ ဥပဒေကြောင်းအရ ဘယ်လို ကူညီ ပေးသွားမယ်ဆိုတာတွေကိုပေါ့။ ကျွန်တော်တို့ကတော့ ကူညီပေးသွားမှာဖြစ်တယ်။ ဒါပေမယ့် လောလောဆယ် မှာတော့ ဘယ်လိုနည်းနဲ့ကာကွယ်ပေးသွားမယ် ဆိုတာတွေကိုတော့ ပြောလို့ မရသေးဘူး” ဟု ၎င်းကပြောသည်။

 

ရခိုင်ရှေ့နေများကောင်စီကို ၂ဝ၂ဝ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတသော လူ့ဘောင်သစ်တစ်ရပ်ပေါ်ထွန်းရေးအတွက် ရည်မှန်း၍ ဖွဲ့စည်း ထားခြင်းဖြစ်ပြီး သက်တမ်းမှာ သုံလခန့်သာရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...