ရှမ်းထိပ်သီးခေါင်းဆောင်များပါဝင်ခဲ့သော CSSU ၏ အထူးအစည်းအဝေးနှင့်ပတ်သက်၍ စိုင်းကျော်ညွန့်အား တွေ့ဆုံမေးမြန်းခြင်း

ရှမ်းထိပ်သီးခေါင်းဆောင်များပါဝင်ခဲ့သော CSSU ၏ အထူးအစည်းအဝေးနှင့်ပတ်သက်၍ စိုင်းကျော်ညွန့်အား တွေ့ဆုံမေးမြန်းခြင်း
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရွေးကောက်ပွဲအလွန် ယခုလိုကာလတွင် ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) က အထူးအစည်းအဝေးတစ်ရပ်ကို ပြီးခဲ့သည့် တစ်ပတ်ခန့်က Online ကနေပြုလုပ်ခဲ့ရာ ရှမ်းထိပ်သီးခေါင်းဆောင်များပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါ CSSU ကို ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SS PP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) တို့အပါအဝင် ရှမ်းလက်နက်ကိုင်အဖွဲ့များ၊ ပါတီများ၊ လူမှုအဖွဲ့အစည်းများဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး ယခုလို ရွေးကောက်ပွဲလွန်ကာလတွင် အထူးအစည်းအဝေးတစ်ရပ်ကို ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို သိရှိစေရန် CSSU ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်အား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်သွားတဲ့ CSSU ရဲ့ အထူးအစည်းအဝေးပွဲမှာ ထူးခြားချက်တွေရှိလား။ သိချင်ပါတယ်။

စိုင်းကျော်ညွန့် - မတွေ့တာကြာတဲ့ ရှမ်းထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံတာတောပေါ့။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ အခြေအနေတွေ အစိုးရအပြောင်းအလဲဖြစ်မယ်။ တပ်မတော်ထဲမှာတောင်မှ ကာချုပ်တွေ အပြောင်းအလဲဖြစ်နိုင်တဲ့ ဒီလို အချိန်မှာ တွေ့ဆုံကြတာဆိုတော့ ကောင်းတဲ့ထူးခြားချက်လို့ ပြောလို့ရပါတယ်။

မေး - အရင်ကလုပ်ခဲ့တဲ့အစည်းအဝေးနဲ့ ဒီတစ်ခေါက်လုပ်တဲ့အစည်းအဝေး ဘာတွေကွာခြားသွားလဲ။

စိုင်းကျော်ညွန့် - ဒီတစ်ခေါက်ကတော့ online ပေါ်မှာတွေ့ကြတော့ သူတို့ (အာဏာပိုင်) တားလို့မရဘူးပေါ့။ ခါတိုင်းကတော့ ၂၀၁၆ လောက်ကတည်းက လုပ်ဖြစ်တယ်။ ရန်ကုန်မှာတွေ့တယ်။ အစိုးရပေးမလုပ်တာပေါ့။ တိုက်ရိုက်ပြောတာတော့ ဟုတ်ပေမဲ့ လုပ်မယ့်ဟိုတယ်ကို သွားပြီး ဖိအားသွားပေးတာပေါ့။ နောက်ပိုင်း တောင်ကြီးမှာလုပ်မယ်ဆိုရင်လည်း ဟိုတယ်တွေကို လက်မခံဖို့ပြောထားတာတွေရှိတယ် အစိုးရက။ ထိုင်းအထိသွားလုပ်တာတောင် ထိုင်းအစိုးရကို ဖိအားပေးတာတို့ရှိတယ်ဆိုတော့ အခုက လိုင်းပေါ်မှာလုပ်တာဆိုတော့ သူတို့တားလို့မရပါဘူး။ လူကြီးတွေ တွေ့ဆုံရဖို့ ကျွန်တော်တို့စီမံခဲ့နိုင်တယ်ပေါ့။ ဒီနှစ် ၂၀၂၀ ထဲမှာ အစည်းဝေးကြီးဆိုတော့ ဒါ ဒုတိယအကြိမ်ရှိပြီပေါ့။ မတ်လမှာတုန်းက တစ်ကြိမ်လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက တကယ့် ထိပ်သီးခေါင်းဆောင်တွေမပါဘူးပေါ့လေ။ ဒီတစ်ခေါက်က အထူးအစည်းအဝေးမှာ အွန်လိုင်းကနေဆိုပေမဲ့ SSJAC ရဲ့ ဥက္ကဌ စဝ်ခွန်ထွန်းဦးနဲ့ ဒု-ဥက္ကဌ စဝ်ဆေထင်တို့တက်ကြတယ်။ RCSS ဖက်မှာလဲ ဗိုလ်ချုပ်ကြီးယွက်ဆစ်ကိုယ်တိုင်တက်တယ်လေ။ ဆိုတော့ ထိပ်သီးခေါင်းဆောင်တွေက စကားပြောလို့ရတယ်ဆိုတော့ ကောင်းတဲ့အခင်းအကျင်းလို့ ပြောလို့ရတယ်။

မေး - အစည်းဝေးက ရှမ်းထိပ်သီးခေါင်းဆောင်တွေလည်းပါဝင်တယ်ဆိုတော့ ဘာတွေ အဓိကထားဆွေးနွေးဖြစ်ကြလဲ။

စိုင်းကျော်ညွန့် - CSSU မှာ က နိုင်ငံရေးပါတီပါတယ်။ CSO တွေပါတယ်။ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေပါတယ်ဆိုတော့ ကျွန်တော်တို့သွားချင်တဲ့ ခရီးလမ်းမှာ အာလုံးပါဝင်အောင် အားလုံးအတူတကွ ဘယ်လိုလျှောက်မလဲဆိုတဲ့အပေါ်မှာ စုပေါင်းခေါင်းဆောင်မှုပုံစံကို ကျွန်တော်တို့ ပိုပြီးတော့ ဦးစားပေးပြီး ဘယ်လိုပူးပေါင်းအကောင်အထည်ဖော်မယ်ဆိုတဲ့အပိုင်း ပိုဆွေးနွေးတာများပါတယ်။

မေး - လက်ရှိ အာဏာရအစိုးရနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အချက်တွေရှိလား။ ဘယ်လိုကိစ္စကိုတော့ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေချဖြစ်လား ။

စိုင်းကျော်ညွန့် - အဲ့ဒီအပေါ်မှာ အဓိကဆွေးနွေးတဲ့ အစည်းအဝေးမဟုတ်ဘူး။ နောက်ပြီး ပူးပေါင်းခြင်း/မပူးပေါင်းခြင်းက အစိုးရနဲ့ ပိုသက်ဆိုင်ပါတယ်။ သူတို့ ဘယ်လိုကမ်းလှမ်းလာမလဲ ဘယ်လိုစဉ်းစားစီစဉ်မလဲဆိုတာ ကျွန်တော်တို့ ဘာမှမသိရသေးဘူး။ မသိရသေးတဲ့ အတွက် ကျွန်တော်တို့ဆွေးနွေးစရာမရှိပါဘူး။

မေး - ဒီအစည်းအဝေးမှာ ရှမ်းခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်တွေရှိလား။ ဘာတွေကို ဘုံသဘောတူခဲ့ပါသလဲ။

စိုင်းကျော်ညွန့် - သဘောတူညီချက် ကြီးကြီးမားမားချမှတ်တာတော့ မရှိပါဘူး။ ခေါင်းဆောင်တွေ တွေ့ဆုံပြီး အချင်းချင်းတွေ သုံးသပ်နိုင်တယ် စစ်ရေး၊ နိုင်ငံရေးတွေ အကုန်လုံးပေါ့ဗျာ။ စီးပွားရေးပိုင်းဆိုင်ရာ စီမံကိန်းတွေ အကုန်လုံးပေါ့။ အနိမ့်ဆုံးအဆင့်အားဖြင့်တော့ ကိုယ့်အချင်းချင်းကြားထဲမှာ ပဋိပက္ခတွေ လျော့ချနိုင်ရေး အဲ့ဒီအပိုင်းကို ဆွေးနွေးဖြစ်ပါတယ်။

မေး - CSSU ရဲ့ရှေ့လုပ်ငန်းစဉ်တွေနဲ့ သဘောထားက ဘာတွေရှိမလဲ။

စိုင်းကျော်ညွန့် - အစကတည်းက ကျွန်တော်တို့ ဒီဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောင်ဖို့မူတို့ရှိတယ်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံမူရေးဆွဲဖို့ အဲ့တာတွေတော့ရှိပါတယ်။ အဲ့ဒီလုပ်ငန်းတွေတော့ ဆက်လုပ်ရမယ်ပေါ့ဗျာ။  နောက်ပြီးတော့ ညီညွတ်ရေးဆိုတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ရှမ်းအမျိုးသားအင်အားစုတစ်စုတည်းတင်မကဘူး တစ်ခြားရှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားအင်အားစုတွေ ပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့ အဖွဲ့အစည်းတွေ တိုင်းရင်းသားအင်အာစုတွေ တစ်ဆင့်ပြီးတစ်ဆင့်တော့ လုပ်ရမယ်ပေါ့။ CSO တွေ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားလက်နက်ကိုင်တွေတစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားဖို့ရှိပါတယ်။

အဆိုပါ အထူးအစည်းအဝေးတွင် အဖွဲ့အသီးသီးမှ ခေါင်းဆောင်များက ရှမ်းပြည်နယ်အတွင်း လက်ရှိဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းများကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအားလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ မလုံခြုံမှုများနှင့် ပတ်သက်သည်များကို ဆွေးနွေးခဲ့ကြပြီး CSSU အနေဖြင့် ပြည်သူများ လတ်တလော ရင်ဆိုင်နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်းနှင့် ရှမ်းအမျိုးသားအင်အားစုများအကြား စည်းလုံးညီညွတ်ရေး၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားအင်အားစုများအကြား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများအကြား စည်းလုံးညွတ်ညွတ်ရေးတို့ကို အဓိကထား ဦးတည်ဆောင်ရွက်သွားကြရရန် ချမှတ်ခဲ့ကြောင်း CSSU ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...