“၂၀၂၀ ဟာ အဆိုးရွားစစ်ဒဏ်ခံခဲ့ရတဲ့နှစ်လို့ပြောလို့ရတယ်’’

“၂၀၂၀ ဟာ အဆိုးရွားစစ်ဒဏ်ခံခဲ့ရတဲ့နှစ်လို့ပြောလို့ရတယ်’’

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ Human Rights & Freedom Program Director Salai Sang Hnin Lian တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၁)

Benezer – ချင်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေကို အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ ချင်းလူ့အခွင့် အရေးအဖွဲ့(CHRO) က ၂၀၂၀ ခုနှစ်အတွင်း ချင်းပြည်နယ်မှာဖြစ်ပွားနေတဲ့ အထူးသဖြင့် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိူးဖောက်ခံရမှု အစီရင်ခံစာတစ်ရပ်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာထဲ မှာ အဓိကဘာတွေပါဝင်တာလဲ၊ ၂၀၂၀ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ ဘယ်လိုလူ့အခွင့်အရေးချိူးဖောက်မှုတွေဖြစ်ပွားခဲ့ လဲ၊ အဲဒီလူ့အခွင့်အရေးချိူးဖောက်မှုတွေဟာ ဘယ်သူတွေကကျူးလွန်ခဲ့ကြတာလဲ စတဲ့အကြောင်းအရာကိစ္စနဲ့ပတ်သက်ပြီး CHRO အဖွဲ့ရဲ့ Human Rights Education & Freedom of Religion or Belief Program မှ Director Salai Sang Hnin Lian ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ ၂၀၂၀ Annual Report ထုတ်ထားတယ်ပေါ့နော်၊ အဲဒီအကြောင်းကိုအရင်ဆုံးပြောပေးပါဦးဗျ

ဖြေ။ ။ ကျနော်တို့ လွန်ခဲ့တဲ့ ၃နှစ် ၂၀၁၈ ကနေ ဒီနှစ် ၂၀၂၀ ထိ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာကို အမြဲတမ်းထုတ်ပါတယ်၊ ဒီနှစ်ဆို ၃ နှစ်မြောက်ရှိပြီပေါ့၊ ဒီနှစ်မှာတော့ ၂၀၂၀ နှစ်မှာ ဖြစ်ပျက်တဲ့ ချင်းပြည်သူတွေ ကြုံနေရတဲ့ လူ့အခွင့်ရေးချိုးဖောက်မှု အဆိုးဆုံးကြုံရတဲ့အခြေအနေ၊ လူ့အခွင့်ရေးချိုးဖောက်မှု အများဆုံး ကြုံရတဲ့နေရာတွေကို အဓိကထားပြီးတော့ Annaul Report မှာ ထည့်သွင်းထားပါတယ်၊ အဓိကပါတဲ့ အချက်အလက်တွေကို ခြုံငုံပြီးတော့ ပြောမယ်ဆိုရင်တော့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် အမ်းဘက်မှာ ချင်းတွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပေါ့၊ အဓိကတော့ တိုက်ပွဲကြောင့် ဒုက္ခခံရတဲ့ ပြည်သူတွေကို အဓိကထားပြီးတော့ ထုတ်ပြန်တာဖြစ်ပါတယ်၊ ပြီးတော့ တစ်ခြားကတော့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ တစ်ခြား လူ့အခွင့်ရေးကဏ္ဍလေးတွေကိုလည်း ကျနော်တို့ ထည့်ထားပါတယ်။

မေး – ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မှာဘဲဖြစ်ဖြစ် ချင်းပြည်နယ်မှာဘဲဖြစ်ဖြစ် ရက္ခိုင့်တပ်မတော် နဲ့ မြန်မာ့တပ်မတော်တို့ စစ်ဖြစ်ပြီးနောက်ပိုင်းမှာ ချင်းလူမျိုးတွေအနေနဲ့ ဘယ်လောက်ထိ ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့နေရလဲ။

ဖြေ – အေအေနဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်တာက ၂၀၁၅ မတ်လ ၂၈ရက်နေ့မှာ ပထမဆုံး သေနတ်သံကို ချင်းပြည်နယ် ပလက်ဝမှာ ကြားခဲ့ရတာဖြစ်ပါတယ်၊ ဒီနှစ်နဲ့ဆိုရင် ငါးနှစ်တိတိ ရှိနေပြီဖြစ်တယ်၊ ဒီငါးနှစ်အတွင်းမှာ ၂၀၂၀ ဟာဆိုရင် အဆိုးဝါးဆုံးနှစ်လို့ ပြောလို့ရတယ်၊ ပြည်သူတွေအခံရဆုံး နှစ်လို့လည်းပြောလို့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၉ နောက်ပိုင်း နိုဝင်ဘာ ဒီဇင်ဘာလောက်ကနေ သေနတ်သံတွေ ပြင်းထန်စွာ ကြားရလာပြီးတော့ ၂၀၂၀ ဖေဖော်ဝါရီလ မှာဆိုရင် အဆက်သွယ်တွေအကုန်လုံး လမ်းပန်းဆက်သွယ်ရေး ဖုန်းလိုင်းတွေ အင်တာနက်တွေ အကုန်ပိတ်လိုက်တယ်၊ တပ်မတော်ဘက်ကနေ တိုက်လေယာဉ်တွေသုံးတယ်၊ လက်နက်ကြီးတွေသုံးပြီးတော့ ပြည်သူတွေရှိတဲ့ နေရာကိုလည်း မချန်ထားဘဲနဲ့ ပစ်ချခဲ့လို့ ဒီနှစ်မှာဆိုရင် အသေပျောက် ဒဏ်ရာရတဲ့သူတွေ အများဆုံးနှစ်ဖြစ်တယ်၊ ကျနော်တို့ ချင်းပြည်နယ် ပလက်ဝမှာတင်မဟုတ်ဘဲနဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ ရခိုင်ပြည်နယ် မြေပုံ မင်းပြားဘက်မှာလည်း ဒီလိုမျိုးအခြေအနေကြုံရတယ်၊ ၂၀၂၀ ကတော့ အဆိုးရွားဆုံးနှစ်ဖြစ်တယ်ပေါ့။

မေး။ ။ အထူးသဖြင့် ပလက်ဝမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသံတွေအနေနဲ့ စစ်ဒဏ်ကို ဘယ်လောက်ထိ ဆိုးဆိုးရွားရွားခံစားခဲ့ရလဲ။

ဖြေ – ဒီနှစ်အတွင်းကိုဘဲ ပြောမယ်ဆိုလို့ရှိရင် ၂၀၂၀ ဖေဖော်ဝါရီလမတိုင်ခင်မှာ ရက်ပေါင်း ၄၀ အတွင်း တပ်မတော်နဲ့ အေအေတွေ စစ်တွေ ကျောက်တော် အဓိကရေကြောင်းလမ်း အနီးအနားမှာ ၄၁ ရက်တိုင်တိုင် မနားဘဲနဲ့ တိုက်ပွဲ တွေဖြစ်တဲ့အတွက်ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ အကုန်လုံးပိတ်ရတယ်၊ ဖေဖော်ဝါရီ ၁၄ ရက်ကနေ လမ်းပန်း ဆက်သွယ်ရေးတွေ ပိတ်တဲ့အတွက်ကြောင့် ပလက်ဝကတော့ ဒီနေ့ဒီချိန်ထိလို့ ပြောလို့ရတယ်၊ ဝင်ထွက်သွားလာလှုပ်ရှား လို့မရတဲ့ ဒေသဖြစ်သွားတယ်၊ တစ်ဆက်တည်းမှာဘဲ ပျင်းထန်စွာ တပ်မတော်က လက်နက်ကြီးတွေသုံးတဲ့အတွက်ကြောင့် နှစ်ရက်တည်းမှာဘဲ မတ်လ ၁၅ ရက် ၁၆ ရက်မှာ ပလက်ဝနှင့် ကျောက်တော်အနီးအနားမှာရှိတဲ့ရွာတွေ ပွီဟုန်းဘက် မိတ်စာဝ ၁ ၂ ၃ ပြိုင်တင် ဘက်က တိုက်လေယာဉ်နဲ့ ရွာသားတွေရှိတဲ့နေရာကို တပ်မတော်ဘက်ကနေ မညှာဘဲနဲ့ တိုက်တဲ့အတွက်ကြောင့် နှစ်ရက်ထဲမှာ ၃၆ ယောက်နီးပါး ဒဏ်ရာရပြီးတော့ သေတဲ့လူလည်း ၂၁ယောက်လောက်ရှိတယ်၊ ဒီလိုမျိုး အခြေအနေတွေက အဆိုးရွားဆုံးဖြစ်တဲ့နှစ်လို့ပြောလို့ရတဲ့ဟာဖြစ်တယ်၊ နောက်ပြီးတော့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်လိုက်တာကြောင့် ဖေဖော်ဝါရီလကတည်းကနေ ဒီနေ့ဒီချိန်ထိ လူသားချင်းစာနာထောက်ထားပြီးတော့ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့သွားတဲ့ ပြည်သူတွေလည်း သွားလာလှုပ်ရှားရတာ တော်တော်ခက်တဲ့ အခြေအနေမှာ ရှိတယ်၊ ဒါကြောင့် ပလက်ဝမှာရှိတဲ့ပြည်သူတွေ IDPs ဒုက္ခသည်တွေဘဲ မဟုတ်ဘဲနဲ့ တိုက်ရိုက်မဟုတ်ဘဲနဲ့ သွယ်ဝိုက်ပြီးတော့ စစ်ရဲ့ဒဏ်ကို ခံရတာက ပလက်ဝပြည်သူတွေအကုန်လုံးဖြစ်တယ်၊ ပလက်ဝမှာ ရွာပေါင်း ၃၇၀ ကျော်ကျော်ရှိတယ်၊ အဲဒီမှာ လူဦးရေရဲ့ တစ်ဝက်ကျော်ကျော်က စစ်ဘေးဒဏ်ကို ခံနေရတယ်၊ စားနပ်ရိက္ခာကအစ ဆေးဝါးကအစ အခက်အခဲရှိတယ်လို့ ကျနော်တို့ရဲ့ မှတ်တမ်းပြုစုချက်အရ သိရပါတယ်။

မေး။ ။ စစ်ဖြစ်ပြီးနောက်ပိုင်းမှာ ဆရာတို့ရဲ့မှတ်တမ်းတွေအရ အခုချိန်ထိ ချင်းလူမျိုး ဒဏ်ရာရမှုတွေ သေဆုံးမှုတွေ အဖမ်းခံရမှုတွေ ဘယ်လောက်ထိ ရှိသွားပြီလဲမသိဘူး။

ဖြေ။ ။ ပထမဆုံးစစ်ပွဲဖြစ်ခဲ့တဲ့ ၂၀၁၅ကနေ ဒီနေ့ဒီချိန်ထိ ကျနော်တို့ တတ်နိုင်သလောက် ပြုစုတာက အသေပျောက်က ၄၆ ယောက်လောက်ရှိတယ်၊ အဲဒါက ကျနော်တို့ အတည်ပြုနိုင်တဲ့ဟာကိုဘဲ ပြောတာဖြစ်တယ်၊ တစ်ခြားအများကြီးရှိနိုင်တ ယ်၊ ပြီးတော့ ပျောက်ဆုံးတဲ့လူတွေ အဖမ်းခံရတဲ့သူတွေက ၂၀၁၅ မတ်လကနေ ၂၀၂၀ နိုဝင်ဘာလအထိ ၁၀၉ ဦးကို အဖမ်းခံရတာလား တစ်ခုခုကြောင့် သူတို့ပျောက်ဆုံးတယ်၊ အဲဒီထဲမှာ ကျနော်တို့ ချင်းတွေလည်းပါတယ်၊ ဗမာတွေလည်း ပါတယ်၊ နိုင်ငံခြားသားတွေလည်းပါတယ်၊ လွှတ်တော်အမတ်တွေလည်းပါတယ်၊ လူငယ်ခေါင်းဆောင်တွေလည်းပါတယ်၊ သာမန်လူတန်းစား တောမှာ အစာရှာဖို့သွားရင်းနဲ့ ပျောက်သွားတဲ့သူတွေလည်းရှိတယ်၊ အဲဒီထဲမှာ ရွာလုံးကျွတ်အဖမ်းခံရ တဲ့ သူတွေလည်းရှိတယ်၊ ဉပမာ ကင်းတလင်းရွာပေါ့၊ အဲဒီပျောက်သွားတဲ့သူတွေထဲမှာ အငယ်ဆုံးက ကျနော်တို့ရဲ့ မှတ်တမ်းအရ အသက်အငယ်ဆုံးက ၁၅နှစ် နဲ့ အသက်ကြီးဆုံးက အသက် ၆ဝရှိတယ်၊ အခုလက်ရှိအချိန်ထိ ကျနော်တို့ရဲ့ မှတ်တမ်းအရ ၁၆/၁၇ ယောက်လောက် ပျောက်ဆုံးနေဆဲဖြစ်တယ်၊ အေအေဆီမှာရှိတာလား တပ်မတော်ဆီမှာရှိတာလား ဆိုတာတော့ အတည်ပြုလို့မရဘူး။

ပြီးတော့ နှစ်ဘက်ကနေ မြေမြုပ်မိုင်းသုံးတဲ့အတွက်ကြောင့် ဒီနေ့အထိ ဖြစ်စဉ် ၁၂ ခုလောက် ကျနော်တို့ ပြုစုထားတာရှိ တယ်၊ ဒီနှစ်အတွင်းမှာဆိုရင် မြေမြှပ်မိုင်းထိတဲ့သူ ငါးခုလောက်ရှိတယ်၊ အဲဒီမှာ ငါးဦးသေ ငါးဦး ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေရှိ ပါတယ်၊ မြေမြှပ်ဗုံးကတော့ တိုက်ပွဲတွေပြီးသွားရင်လည်း ကျန်နေခဲ့မှာ၊ အဲဒါက ပြည်သူတွေအတွက် စိုးရိမ်ရတဲ့ အခြေ အနေမှာရှိတယ်၊ ဒီတိုက်ပွဲကြောင့်ဘဲ ဒေသဘက်မှာ အဖွဲ့အစည်းတွေကို ဦးစီးဦးဆောင်ပြီးတော့ ဒုက္ခသည်တွေအတွက် လှုပ်ရှားတဲ့သူတွေက ခြိမ်းခြောက်ခံရတယ်၊ နှစ်ဘက်စလုံးကနေ ခြိမ်းခြောက်ခံရတာဖြစ်တယ်၊ အခုလက်ရှိ သူတို့ မြို့ ရွာမှာ မနေရဲဘဲနဲ့ ထွက်ပြေးပြီးတော့ တစ်ခြားမြို့တွေ တစ်ခြားနယ်တွေမှာ တိမ်းရှောင်နေရတဲ့ ပလက်ဝချင်းပြည်သူ အများကြီးရှိတယ်၊ အကျဉ်းချုပ်ပြောရရင် ဒီနှစ် အဆိုးရွားဆုံးအခြေအနေမှာ တစ်ခြားအမျိုးသမီး တွေနဲ့ ပတ်သတ်ပြီးတော့လည်း ဖိနှိပ်ခံနေရတာတွေရှိတယ်၊ ရွာတွေမှာဆင်းပြီးတော့ တပ်မတော်ဘဲဖြစ်ဖြစ် အေအေဘဲဖြစ်ဖြစ်၊ ရွာသားတွေဆီကနေ စစ်ကြေးတောင်းတာတို့ ဆန်တောင်းတာတို့ စားစရာတွေတောင်းတာတို့ လည်းရှိတယ်၊ ဒီဟာတွေကိုလည်း ကျနော်တို့ရဲ့ အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။

မေး။ ။ ပလက်ဝဒေသမှာဘဲဖြစ်ဖြစ် တစ်ခြားဒေသမှာဘဲဖြစ်ဖြစ် လူအခွင့်အရေး ချိုးဖောက်ခံရမှုတွေက ဘယ်လို မျိုးပုံစံတွေများလဲ၊ အဲဒါတွေကို အေအေဘက်က ကျူးလွန်တာများလား၊ တပ်မတော်ဘက်က ကျူးလွန်တာများလား။

ဖြေ။ ။ လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောတဲ့နေရာမှာ အခုကျနော်တို့ မှတ်တင်တဲ့ဟာကတော့ အဓိကအနေနဲ့ ပဋိပက္ခပေါ့နော်၊ တိုက်ပွဲကြောင့် ခံနေရတဲ့ပြည်သူတွေရဲ့အခြေအနေကို အဓိကထားပြီးတော့ မှတ်တမ်းတင်တာဖြစ်တယ်၊ နံပါတ် (၁) ပြည်သူတွေအသက်ဆုံးရှုံးရတယ်၊ ၃၆ဦး အသက်ဆုံးရှုံးရတယ်၊ ၂ရဦး ဒဏ်ရာရတယ်၊ အဲဒီထဲက ၁၃ဦးက ကလေးသူငယ်တွေဖြစ်တယ်၊ ပြီးတော့ တိုက်ပွဲကြောင့်ဘဲ လမ်းပန်းဆက်သွယ်ရေးတွေ အကုန်ပိတ်တယ်ဆိုတော့ ဒီဟာက ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာအတွက် အခက်အခဲအများကြီး ဆုံးရှုံးရတယ်။ ပြီးတော့ ဒီတိုက်ပွဲကြောင့်ဘဲ တစ်ဘက်နဲ့တစ်ဘက်က မယုံကြည်လို့ ပြည်သူတွေ ဒါမှမဟုတ် ရွာဉက္ကဌတွေကို ခေါ်ပြီးတော့ ညှင်းပန်းနှိပ်စက်တာတွေရှိတယ်၊ အဲဒါက တပ်မတော်ဘက်ကလုပ်တာလည်းရှိတယ်၊ အေအေဘက်ကလုပ်တာ လည်းရှိတယ်၊ မြေမြုပ်မိုင်းကြောင့်လည်း ဒုက္ခခံနေရတယ်၊ ဒီလိုမျိုးအခြေအနေမှာ အခက်ခဲဆုံးဖြစ်တဲ့ဟာကတော့ သတင်းအချက်အလက်တွေထိန်ခြန်ထားတာဖြစ်တယ်၊ အစိုးရကနေ အင်တာနက်ဆက်သွယ်ရေးတွေ ပိတ်လိုက်တဲ့ အတွက်ကြောင့် သတင်းအချက်အလက်ရယူပိုင်ခွင့် ဆုံးရှုံးတယ်၊ ကမ္ဘာမှာအရှည်ကြာဆုံး အင်တာနက်ပိတ်ပင်မှု ဖြစ်တယ်လို့ နိုင်ငံတကာကလည်း သိထားပြီးသားဖြစ်တယ်၊ ဒီလိုမျိုးအခြေအနေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုကအများကြီးပါဘဲ၊ ခြုံငုံပြီးပြန်ပြောရရင် အသက်ဆုံးရှုံးရတယ်၊ ဒဏ်ရာတွေရတယ်၊ စားနပ်ရိက္ခာခက်ခဲတယ်၊ ပြီးတော့ ကိုဗစ်မစခင်မှာ ပလက်ဝမြို့နယ်မှာ ကျောင်းပေါင်း ၃ဝဝကျော်ရှိတဲ့အထဲက ၁ဝဝကျော်ကျော်မှာ ကလေးတွေကျောင်းမတက်နိုင်ခဲ့ဘူး၊ ကျောင်းနေရမယ့်ကလေးတွေ ကျောင်းမနေနိုင်ဘဲနဲ့ တိမ်းရှောင်နေရတဲ့ အခြေအနေမှာရှိတယ်၊ သူတို့တိမ်းရှောင်ပြီးမှ ဘာပြန်ကြုံရလဲဆိုရင် သူတို့ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာ အစားအစာတွေ လုံလုံလောက်လောက်မရတဲ့ဟာတွေရှိတယ်၊ တစ်ခါတစ်လေကျရင် ဆန်ပြုတ်ပြုတ်ပြီးတော့ စားနေရတဲ့အခြေအနေမှာရှိတယ်။

မေး။ ။ စစ်ဖြစ်တဲ့နေရာတွေမှာ ကြုံရတတ်တဲ့ မုဒိန်းမှုတွေ အမျိုးသမီးတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေရော ပလက်ဝဘက်မှရှိလား။

ဖြေ။ ။ လွန်ခဲ့တဲ့ ၉ လလောက် ကျနော်တို့ ပြုစုတဲ့ဟာထဲမှာ Case နှစ်ခု တက်လာပါတယ်၊ ဒါပေမယ့် ပလက်ဝရဲ့အခြေအနေ သတင်းစိစစ်နိုင်ဖို့အခြေအနေ၊ အခင်းဖြစ်တဲ့နေရာမှာ သွားပြီးတော့ ခံရတဲ့သူနဲ့ တိုက်ရိုက်စကားပြောတာတွေ မလုပ်နိုင်တဲ့အတွက် ကျနော်တို့အစီရင်ခံစာမှာ မထည့်လိုက်ရတဲ့ နှစ်ခုရှိတယ်၊ ကျနော်တို့အစီရင်ခံစာမှာက လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းအရ အတည်မပြုနိုင်တဲ့အတွက်ကြောင့် ကျနော်တို့ မထည့်ထားဘူး၊ CHRO ကလည်း အဖွဲ့အစည်းအကြီးကြီးမဟုတ်တော့ လက်လှမ်းမှီသလောက်ဘဲ လုပ်တဲ့အတွက် မြေပြင်မှာရှိတဲ့ ပြည်သူတွေက ရဲရဲဝံ့ဝံ့နဲ့ ကျနော်တို့ကို သတင်းပေးဖို့လိုတယ်၊ ပြည်သူလူထုတွေက ပူးပေါင်းဖို့လိုတယ်၊ ဒီလိုမျိုး အခြေအနေကရှိနိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကြာ ပဋိပက္ခအခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင် တပ်မတော်ဘက်ကနေဖြစ်ဖြစ် မုဒိန်းမှုတွေ ကျူးလွန်ခဲ့တာတွေ အများရှိတဲ့အတွက်ကြောင့် မှတ်တမ်းမတင်တဲ့အတွက် မရှိဘူးလို့ ပြောချင်တာတော့မဟုတ်ဘူး၊ ဒါပေမယ့်တစ်ခြား လက်လှမ်းမမှီတာဘဲဖြစ်မယ်လို့ပြောချင်ပါတယ်။

အင်တာဗျူးအပိုင်း (၂) ဆက်ရန်…….

Most read this week

July 3, 2024
ချင်းတော်လှန်ရေးကာလတွင် အဆင့်မြင့်ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများသည်...
July 3, 2024
မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၀) ပန်းသွယ်ကျေးရွာတွင် ဝမ်းရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေပြီး...
July 2, 2024
ချင်းပြည်နယ်၊ မတူပီမြို့တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှု အချိန်မရွေး...