UEC ၏လုပ်ဆောင်ချက် ကျေနပ်မှုမရှိဟုဆိုကာ လူတစ်စု မိုးကောင်းတွင်ဆန္ဒထုတ်ဖော်

UEC ၏လုပ်ဆောင်ချက် ကျေနပ်မှုမရှိဟုဆိုကာ လူတစ်စု မိုးကောင်းတွင်ဆန္ဒထုတ်ဖော်
by -
ခေါင်ညွယ် (KNG)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏လုပ်ဆောင်ချက်များ ကျေနပ်မူမရှိဟုဆိုကာ ဆန္ဒထုတ်ဖော်မှုတစ်ခု ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ကို ပြည်ခိုင်ဖြိုးပါတီဝင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အင်အား ၃၀ ခန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရွေးကောက်ပွဲတွင် မတရားလုပ်ဆောင်ချက်များ မြင်တွေ့ခဲ့ရဖြင့် ယခုလို ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ပါဝင်သူများက ပြောသည်။

“UEC က လုံးဝမတရားတာလေးတွေတွေ့မြင်နေရပါတယ်။ နောက်ကျွန်တော်တို့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမဲတွေမှာလည်း မဲလိမ်ခြင်း၊ မဲခိုးခြင်းတွေ့မြင်နေရပါတယ်။ ဒါကြောင့်မို့လည်း ပြုလုပ်သွားတဲ့ UEC အဖွဲ့ကြီးကို ရှုတ်ချပြီးတော့မှ ကောင်းမွန်တဲ့ UEC ဖြစ်စေချင်လို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူတစ်ဦးကပြောသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများက မသမာတဲ့နည်းနဲ့ အာဏာယူရန်ကြိုးပမ်းခြင်းကို ဆန့်ကျင်ကြ၊ ကြိုတင်မဲတွေ စစ်ဆေးပေးရေး ဒို့အရေး၊ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေး ဒို့အရေး၊ မဲဆန္ဒရှင်စာရင်း စစ်ဆေးပေးရေး ဒို့အရေး၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မူတွေ ဆန့်ကျင်ကြ၊ မှန်ကန်မျှတမူမရှိသည့် ရွေးကောက်ပွဲကော်မရှင် အလိုမရှိ၊ ဥပဒေနှင့်မညသည့် ရွေးကောက်ပွဲရလဒ်အလိုမရှိ၊ ကိုဗစ်ငွေကြေး မဲဆွယ်ပေးအလိုမရှိ၊ မဲခိုးမှုတွေ စစ်ဆေးပေးရေး ဒို့အရေး၊ မဲလိမ်၊ မဲခိုးမှု အလိုမရှိ၊ ၂၀၂ဝ ရွေးကောက်ပွဲကော်မရှင် အလိုမရှိ၊ လွတ်လပ်ပြီး တရားမျှတတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပေးရေး ဒို့အရေး စသဖြင့် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှု ဖြစ်ပေါ်ခဲ့ပါက ရွေးကောက်ပွဲအပြီး ၄၅ ရက်အတွင်း တိုင်ကြားနိုင်ပြီး ကန့်ကွက်စရာများရှိလျှင် ကန့်ကွက်နိုင်သည်ဟု ဥပဒေအရ အခွင့်အရေးပေးထားပြီးဖြစ်ကြောင်းနှင့် ယခုဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ပြုလုပ်သူသည် မိုးကောင်းမြို့ခံမဟုတ်ဘဲ တခြားမြို့မှ လာရောက်ပြုလုပ်ခဲ့သူဖြစ်ကြောင်း မိုးညှင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးမျိုးမင်းဦးက တုန့်ပြန်ပြောကြားခဲ့သည်။

“ဒီလိုမျိုး မဲမသမာမူဖြစ်လို့ ဘယ်သူကမဲနိုင်သွားတယ်။ တရားမဲ့ပြုကျင့်မှုဖြစ်ပြီဆိုလည်း ရွေးကောက်ပွဲပြီးနောက် ၄၅ ရက်အတွင်း လျှောက်ထားလို့ရတယ်လေ။ ကန့်ကွက်စရာရှိရင်တော့ ကန့်ကွက်ပေါ့။ ကန့်ကွက်ထားရင်တော့ လက်ရှိအနိုင်ရတဲ့ပုဂ္ဂိုလ်ဟာ ဒီလိုပြစ်မူတွေ ကျူးလွန်ထားတာမှန်တယ်။ ခိုင်လုံတယ်ဆိုရင် သူ့ရဲ့အနိုင်က ပျက်ပြယ်ပြီးတော့ ဒုတိယရတဲ့သူက ကိုယ်စားလှယ်ဖြစ်သွားမှာပေါ့။ ဒါက ဥပဒေအရ သူတို့ကို အခွင့်အရေးပေးထားတာပေါ့။ အခုလုပ်တဲ့သူက ကျွန်တော်တို့ အကြမ်းမျဉ်းသိထားတာတော့ နောင်ကိုင်မြို့ကလို့ အကြမ်းဖျင်းသိထားတယ်။ ဘယ်လိုလူလဲ။ ပါတီဝင်လားဘာလားတော့ သေချာမသိရသေးဘူး။ ရွေးကောက်ပွဲပြီးနောက်မှာ လာတိုင်တာလည်းမရှိသေးပါဘူး” ဟု ၎င်းကပြောသည်။

မိုးကောင်းမြို့နယ်သည် မိုးညှင်းခရိုင်တွင်ပါဝင်ပြီး ၎င်းခရိုင်အတွင်း အယောင်ဆောင်လာရောက်မဲထည့်သဖြင့် တိုင်ကြားထားသည့်အမှု နှစ်ခုကြောင်းနှင့် ထိုတိုင်ကြားထားသည်အမှုများသည် ရဲအရေးပိုင်သည့်အမှုများဖြစ်သည့်အတွက် သက်ဆိုင်ရာရဲစခန်းများကသာ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးညှင်းခရိုင်တွင် ပြီးခဲ့သည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၇၆ ဦးရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများက အပြတ်အသတ်အနိုင်ရရှိခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...