“မူးယစ်ဆေးဝါးမျိုလို့ ကျွန်တော်တို့ ရှမ်းနီအမျိုးတွေလည်း ပျောက်ကုန်တော့မယ်”

“မူးယစ်ဆေးဝါးမျိုလို့ ကျွန်တော်တို့ ရှမ်းနီအမျိုးတွေလည်း ပျောက်ကုန်တော့မယ်”

ရှမ်းတိုင်းရင်းသားရေးရာမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ဦးကျော်ဌေးလွင်နှင့် အင်တာဗျူး

 

စစ်ကိုင်တိုင်းဒေသကြီးရှိ ရှမ်းတိုင်းရင်းသားများအတွက် မည်သည့်အရာများ လုပ်ဆောင်ပေးနိုင်မည်လဲဆိုသည်နှင့်ပတ်သက်၍ အဆိုပါတိုင်းဒေသကြီး၏ ရှမ်းတိုင်းရင်းသားရေးရာမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ဦးကျော်ဌေးလွင်အား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး။     ။ ရှမ်းရေးရာဝန်ကြီးအဖြစ် စပြီးတာဝန်ယူရပြီဆိုရင် ပထမဆုံးဘာတွေလုပ်ဆောင်သွားမလဲ။

ဖြေ။      ။ ကျွန်တော့အနေနဲ့ ရှမ်း‌အရေးနဲ့ပတ်သက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပညာရေး၊ ကျန်းမာရေးကအစပါပဲလေ။ ဒါတွေကို ကျွန်တော့်အနေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ပထမဦးဆုံးလုပ်ချင်တယ်။ ပြီးတော့ မှုးယစ်ဆေးဝါး အတက်နိုင်ဆုံးပပြောက်အောင် လုပ်ချင်တယ်။ နောက်တစ်ခါ ကျွန်တော်တို့ ရှမ်းနဲ့ပတ်သက်ပြီး တော့ စာပေယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ အရင်ကထက်ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် ဒါတွေကို လုပ်ချင်တယ်။ ပညာရေး၊ ကျမ်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေး ဒါတွေဟာအများကြီးနောက်ကျနေတယ်။ လမ်းပန်းဆက်သွယ်ရေဖွံ့ဖြိုးတိုးတက်မှ ကျွန်တော်တို့ ဒီရှမ်းတွေရဲ့အရပ်ဒေသလည်း ဖွံ့ဖြိုးတိုးတက်လာမှာလို့ ယုံကြည်တယ်။ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာရင် ပိုပြီးတော့ ကျွန်တော်တို့ ရှမ်းလူငယ်လေးတွေ ပိုပြီးအမြင် ကျယ်လာမယ်၊ ပိုပြီးအသိအမြင်တွေလည်း ပိုပြီးတော့ ကျယ်ပြန့်လာမယ်။ ကိုယ်ရဲ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ကိုလဲပိုပြီးတော့ ထိန်းသိမ်းစောင့်ရှေက်လာနိုင်အောင် ဒါတွေကိုလုပ်ချင်တယ်။

မေး။     ။ လက်ရှိစစ်ကိုင်းတိုင်းမှာ ရှမ်းစာပေ၊ ယဉ်ကျေးမှုဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ။      ။ ကျွန်တော်တို့ဘက်ကတော့ ဘုံသုံးရှမ်းစာရယ်၊ နောက်ရှမ်းနီစာရယ်၊ နောက်တစ်ခု နောင်ပူအောင် ဘက်ကရှမ်းနီစာရယ် သုံးမျိုးရှိနေတာ ဒီသုံးမျိုးရှိနေတော့ အဓိကကျွန်တော်တို့ပါတီရဲ့ မူဝါဒ ရည်ရွယ်ချက်မှာ တိုင်းရင်းသားဒေသ ကိုယ့်ရဲ့ ဘာသာစကားတွေကို စာသင်ကျောင်းတွေမှာသင်ကြားခွင့် ဆိုတဲ့အတိုင်း အကောင် အထည်ဖော်နေတယ်။ ဒါပေမဲ့သုံးမျိုးဖြစ်နေတဲ့အတွက် ဆရာ၊ဆရာမတွေခန့်တဲ့အခါမှာ ဘုံသုံးသင်တဲ့ ဆရာမကတစ်ယောက်၊ ရှမ်းနီစာပေသင့်တာကတစ်ယောက်ဆိုတော့ တစ်ကျောင်းထဲမှာ နှစ်ယောက်ဖြစ်နေတော့ ကလေးတွေအတွက် အများကြီးအခက်အခဲရှိတယ်။ သူတို့ ဒီစာသင်ရမလို ဟိုစာကို သင်ရမလိုနဲ့ အဲတာတွေကိုဲ ကျွန်တော်အနေနဲ့ ဖြေရှင်းပေးဖို့လိုတယ်။ ရှမ်းရေရာဝန်ကြီးသက်တမ်းအတွင်းမှာ ဖြေရှင်းပေးနိုင်ဖို့မျှော်လင့် ထားတယ်။

မေး။     ။ အရင်က စစ်ကိုင်းတိုင်းဒေသကြီးတိုင်းရင်းသားရေးရာကော်မတီမှာအဖွဲ့၀င်အဖြစ်ပါ၀င်ထားတာဆို တော့ အခုတိုင်းရင်းသားရေးရာ ၀န်ကြီးတာ၀န်ယူရရင် အဲဒါက အထောက်အကူဖြစ်မလား။

ဖြေ။      ။ ကျွန်တော်ပိုပြီးတော့ယုံကြည်တယ်။ ကျွန်တော်တို့ ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း အရင် ၂၀၁၅-၂၀၂၀ တိုင်းရင်းသားရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုပြီးတော့ ရွေးကောက်ပွဲကြေညာစာတမ်းထဲ မှာဦးစား ပေးထားတာ။ ဒါကိုစပြီးတော့ အကောင်အထည်ဖော် တယ် ကျယ်ကျယ်ပြန်ပြန်တော့မဖြစ်ဘူး အခုငါးနှစ်ပြီးသွားပြီ။ဒီငါးနှစ်ရဲ့ တွေ့အကြုံကိုယူပြီးတော့ အခုလာမယ့် ငါးနှစ် မှာပိုပြီးတိုင်းရင်းသားအရေးတွေကို အရင်ကနှစ်ထက်ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော့အနေနဲ့ ကတော့ယုံကြည်တယ်။

မေး။     ။ဆရာ့ရဲ့မဲဆန္ဒနယ်မှာ ပြည်သူတွေရဲ့ လိုအပ်ချက်က ဘာလဲ။အဲလိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်း သွားမလဲ။

ဖြေ။      ။ ဒေသခံတွေရဲ့အဓိကလိုအပ်ချက်ကဘာလဲဆိုရင် ဘယ်ဒေသရောက်ရောက် ဘယ်ရွာပဲရောက်ရောက် သူတို့ကတော့ အဓိက မူးယစ်ဆေးဝါး အကြောင်းကတော့ပြောကြတယ်။ မူးယစ်ဆေးဝါးဆိုတာကျွန်တော်တို့ အမျိုးသားရေးတာ၀န်တစ်ရပ်နဲ့ လုပ်ဆောင်ရမယ့်အပိုင်း။ ကျွန်တော်က ကျောင်းဆရာဆိုတော့လေ ကျွန်တော့် တပည့်တွေ အများကြီးပဲ အဲလိုမျိုး မူးယစ်ဆေးဝါးနွံနစ်ပြီးတော့ သုံးစားလို့မရအောင် ပျောက်သွားတဲ့ဟာတွေ အများကြီးလေ။ ဘာကြောင့်လဲဆိုတော့ မူးယစ်ဆေးဝါးမျိုလို့ကျွန်တော်တို့ ရှမ်းနီအမျိုးတွေလည်းပျောက် ကုန်တော့ မယ်။ ဒါကြောင့် ရှမ်းနီဒေသမှာ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် နှိမ်နင်းတိုက်ဖျက်မှာပါ။ အခုလက်ရှိကတော့ ကျွန်တော်တို့ ဟုမ္မလင်း နောင်ပူအောက် ဒီဘက်တစ်ဝိုက်မှာ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ ဆိုပြီးတော့ လူငယ်လေးတွေနဲ့ပေါင်းပြီးတော့ လုပ်ဆောင်နေတယ်။ အခုလဲ လက်ရှိလည်းလုပ်ဆောင်နေဆဲဖြစ်တယ်။ ဒေသခံလူငယ်လေးတွေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းတာ ငါးနှစ်ခြောက်နှစ်တောင်ရှိနေပြီ။  ဒီမှာရှိတဲ့ ပြည်သူတွေကလည်း ကျွန်တော်တို့ကို အားကိုးယုံကြည်လာတယ်။ အမြဲတမ်းသတင်းတွေပေးတယ်။ ဒီမူးယစ်ဆေးဝါးကိစ္စကလေအောင်မြင်သင့်သလောက် အောင်မြင်ပါတယ်။

မေး။     ။ ဖြည့်စွက်ပြေချင်တာများရှိရင် ပြောနိုင်ပါတယ်။

ဖြေ။      ။ ဒီငါးနှစ်အတွင်း ကျွန်တော်တာ၀န်ရတဲ့အပိုင်းမှာ  ကျွန်တော်တို့ ရှမ်းနီတစ်မျိုးသားလုံး ဒီဗုံတို၊ ဗုံရှည်လို ဒီကတစ်မျိုး ဟိုကတစ်မျိုးမဖြစ်ဘဲနဲ့ စုစည်းညီညွတ်စွာနဲ့ ကိုယ်ရဲ့ဒေသကိုယ်ရဲ့လူမျိုးဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံချင်တယ်။

ဦးကျော်ဌေးလွင်၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း

အမည်ရင်း - ဦးကျော်ဌေးလွင်

မိဘအမည် - ဦးမြအောင်+ဒေါ်ဝင်းကြည်

မွေးသက္ကရာဇ် - ဇန်နဝါရီလ ၆ရက် ၁၉၆၃

လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ

ပညာအရည်အချင်း - B.sc(maths:)

အလုပ်အကိုင - အလင်းရောင်ပညာရေးဝန်ဆောင်မှု

ဇာတိ - စစ်ကိုင်းတိုင်ဒေသကြီး ဟုမ္မလင်းဇာတီ

လက်ရှိနေရပ - နောင်ပိုအောင်စံပြကျေးရွာ၊ ဟုမ္မလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး..

လူမှုရေးဆောင်ရွက်ချက်များ

- ၂၀၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌ(နောင်ပိုအောင်)အဖြစ် ဆောင်ရွက်ခဲ့၊

- ၂၀၁၄ ခုနှစ်တွင် အထက နောင်ပိုအောင်ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့၊

- ၂၀၁၄ မှ ၂၀၁၅ ဩဂုတ်လအထိကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့၊

နိုင်ငံရေးဆောင်ရွက်ချက်များ

- ၂၀၁၂ ခုနှစ်တွင် နောင်ပိုအောင်ကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့

- အမျိုးသားဒီမိုခရေစီအဖွဲ့ချုပ် မြို့နယ် အလုပ်သမားရေးရာကော်မတီ ဥက္ကဌအဖြစ်တာဝန်ပေးခံရ၊

- ၂၀၁၅ မှ လက်ရှိအချိန်ထိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာဥက္ကဌ အဖြစ်တာဝန်ပေးအပ်ခံထားရ

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...