ကချင်တွင် အာမခံငွေဆုံးရှုံးသော လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀၀ နီးပါးရှိ

ကချင်တွင် အာမခံငွေဆုံးရှုံးသော လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀၀ နီးပါးရှိ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်တွင် သတ်မှတ်ထားသည့် ခိုင်လုံမဲအရေအတွက်မရသဖြင့် ရွေးကောက်ပွဲဝင်ခွင့်အတွက် ပေးသွင်းထားသော အာမခံငွေဆုံးရှုံးသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀၀ နီးပါးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအနေဖြင့် ရွေးကောက်ပွဲဝင်ခွင့်အတွက် အာမခံငွေ ကျပ်သုံးသိန်းကို မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ပေးသွင်းရပြီး ရွေးကောက်ပွဲ၌ ခိုင်လုံမဲ ရှစ်ပုံရရှိပါက ၎င်းအာမခံငွေအား ပြန်ထုတ်ယူခွင့်ရှိသော်လည်း ကချင်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၄၁၀ အနက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၈၅ ဦးသည် ထိုသတ်မှတ်ထားသည့် ခိုင်လုံမဲမရရှိခဲ့ကြောင်း သိရသည်။

“ရွေးကောက်ပွဲဥပဒေအရ ခိုင်လုံသောဆန္ဒမဲ ရှစ်ပုံတစ်ပုံအထက်မရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရမှာဖြစ်တယ်" ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေဆုံးရူံးသည့် ကိုယ်စားလှယ်များသည် အမျိုးသားလွှတ်တော်တွင် ၅၄ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၆၇ ဦး၊ပြည်နယ်လွှတ်တော်တွင် ၁၆၄ ဦးဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဝင်ခွင့်အာမခံနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲဥပဒေ အခန်း ၉ တွင် ဖော်ပြထားခြင်းဖြစ်ပြီး ခိုင်လုံမဲရှစ်ပုံတစ်ပုံနှင့် အထက်မရရှိသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်းနှင့် ရွေးကောက်တင်မြောက်ခြင်းမခံရသော်လည်း ခိုင်လုံမဲရှစ်ပုံတစ်ပုံရရှိပါက ပုံစံ (၆-ဃ) ဖြင့် ပြန်လည်ထုတ်ပေးရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

“ထောက်ခံမဲ ရှစ်ပုံတစ်ပုံရတဲ့သူတွေကိုတော့ ရွေးကောက်ပွဲဥပဒေအရ အာမခံငွေပြန်ထုတ်ပေးရမှာဖြစ်တယ်။ အဲတော့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ထောက်ခံမဲရှစ်ပုံတစ်ပုံရပြီး အာမခံပြန်ထုတ်ပေးရမယ့် ကိုယ်စားလှယ်လောင်းက ၁၉၉ ဦးရှိတယ်” ဟု ရာရှိဦးထွန်းအောင်ခိုင်ကပြောသည်။

ကချင်ပြည်နယ်၏ မဲဆန္ဒနယ်များတွင် နိုင်ငံရေးပါတီ ၁၈ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ ၅၀ ကျော်၊ ရာခိုင်အားဖြင့် ၇၇ ရာခိုင်နှုန်းဖြင့် အများဆုံးအနိုင်ရရှိခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...