မွန်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းခုနှစ်ဦး ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်သွင်းရန် ပျက်ကွက်

မွန်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းခုနှစ်ဦး ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်သွင်းရန် ပျက်ကွက်
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းတင်သွင်းရန်ပျက်ကွက်သော လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

အဆိုပါပြည်နယ်၏ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးများ လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၅၆ ဦးရှိသည့်အနက် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို ၂၄၉ ဦးတင်သွင်းခဲ့ခြင်းဖြစ်သည်။

“ကြေညာထားပါတယ်။ ကျွန်တော်တို့ကြေညာသင်ပုန်းမှာ စာရင်းတွေကို အကုန်းလုံးကပ်ထားပေးပါတယ်။ အစီရင်ခံစာ တင်သွင်းတာတွေ၊ မတင်သွင်းတာတွေကို အရည်အချင်းပျက်ယွင်းသူလို့ တင်သွင်းသင့်တဲ့လူတွေကို နည်းဥပဒေ ၈၁ အရ အကုန်လုံးကြေညာပါတယ်” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောကြားသည်။

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်ရန် ပျက်ကွက်သူများမှာ ကရင်တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း တစ်ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း နှစ်ဦးနှင့် သထုံခရိုင်မှ ကိုယ်စားလှယ်လောင်းလေးဦးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်ကျစရိတ်မတင်သွင်းခဲ့သော ကိုယ်စားလှယ်လောင်းများအနေဖြင့် အမည်ပျက်စာရင်း ကြေညာခြင်း မခံရစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အယူခံဝင်နိုင်ကြောင်း သိရသည်။

“ရုံးချုပ် UEC ကိုအစီရင်ခံစာတက်ရမယ်။ UEC ကနေမှ အဲ့ဒီလူတွေကို တိုက်ရိုက်ဆက်သွယ်မယ်။ အဲ့ခါကျရင် အဲ့ဒီလူတွေအနေနဲ့ အယူခံဝင်တာတွေ ရုံးချုပ်နဲ့ ပြန်ပြီးတော့ သူတို့ဆောင်ရွတ်လို့ရတယ်ပေါ့ ဥပဒေ၊ နည်းဥပဒေအတိုင်း နောက်ဆုံးအနေထားကတော့ ရုံးချုပ်က ဆုံးဖြတ်မှာပဲဖြစ်ပါတယ်” သထုံ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နိုင်ဦးကပြောသည်။

မွန်ပြည်နယ်တွင် သထုံခရိုင်သည် ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းတင်သွင်းရန် ပျက်ကွက်မှုအများဆုံးခရိုင်တစ်ခုဖြစ်ပြီး ယင်းခရိုင်၌ ပါတီ ၁၃ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၈ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သက်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတင်သွင်းသူ ၁၀၄ ဦး ရှိခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ကုန်ကျစရိတ်မတင်သွင်းသည့် ကိုယ်စားလှယ်လောင်းများသည် အရည်အချင်းပျက်ယွင်းသူ အဖြစ်သတ်မှတ်ခံရမည်ဖြစ်ပြီး ယင်းသို့ ကြေညာခံရသူသည် ဥပဒေပုဒ်မ ၈၈ (ဂ) အရ လက်ရှိလွှတ်တော်သက်တမ်းအတွင်း ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်မဟုတ်ဘဲ နောက်လွှတ်တော်သက်တမ်းအတွက် ကျင်းပသည့် ရွေးကောက်ပွဲတွင်သာ ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...