ရခိုင်ပြည်နယ်တွင် သတ်မှတ်ထားသည့် ထောက်ခံမဲ ရှစ်ပုံတစ်ပုံ (၁၂.၂၅ ရာခိုင်နှုန်း) မရရှိသဖြင့် အာမခံငွေဆုံးရှုံးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၄ ဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ စာရင်းများအရ သိရသည်။
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ကျပ်သုံးသိန်းကို ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေအဖြစ်ပေးသွင်းရပြီးရွေးကောက်ပွဲတွင် ထောက်ခံမဲ ရှစ်ပုံတစ်ပုံ (၁၂.၂၅ ရာခိုင်နှုန်း) ရရှိပါက ထိုအာမခံငွေကို ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၁၅၄ ဦးရှိသည့်အနက် အာမခံငွေဆုံးရှုံးခဲ့သည့်ကိုယ်စားလှယ်လောင်းများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ၁၂ ဦး၊ ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ခြောက်ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ALD)မှ ခုနစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီမှ ခုနစ်ဦး၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီမှ ခြောက်ဦး၊ ကမန်အမျိုးသားတိုးတက်ရေးပါတီမှ နှစ်ဦး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ သုံးဦး၊ တသီးပုဂ္ဂ ၁၈ ဦး၊ ရခိုင်အမျိုးသားပါတီ (ANP) မှ နှစ်ဦး၊ ချင်းတိုင်းရင်းသားများပါတီမှ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရခိုင်တွင် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံနှင့် အထက်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၀ ဦးရှိပြီး ၎င်းတို့သည် ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကျပ် သုံးသိန်းကို ပြန်လည်ထုတ်ယူခွင့်ရမည်ဖြစ်သည်။
“ခိုင်လုံမဲရဲ့ ရှစ်ပုံတစ်ပုံရရင် အာမခံငွေသုံးသိန်းကို ပြန်ထုတ်လို့ရပါတယ်။ ဥပဒေမှာ ပြဌာန်းပြီးသားဖြစ်တယ်” ဟု စစ်တွေ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောသည်။
အာမခံငွေနှင့်ပတ်သက်၍ ရွေးကောက်ပွဲဥပဒေ အခန်း ၉ တွင် ဖော်ပြထားပြီး ခိုင်လုံသောဆန္ဒမဲရှစ်ပုံတစ်ပုံနှင့် အထက်မရရှိသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်းနှင့် ရွေးကောက်တင်မြောက်ခြင်း မခံရသော်လည်း ရွေးကောက်ပွဲတွင် ခိုင်လုံသော ဆန္ဒမဲရှစ်ပုံတစ်ပုံနှင့် အထက်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်ပတ်သက်၍လည်း ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို ရွေးကောက် တင်မြောက်ခံရသော လွှတ်တော်ကိုယ် စားလှယ်များ၏ အမည်စာရင်းကြေညာပြီးနောက် ၎င်းတို့အား သို့မဟုတ် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်အား ပုံစံ (၆- ဃ) ဖြင့် ပြန်လည်ထုတ်ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီသည် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းစဉ် အာမခံကြေးများကို မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ပေးသွင်း ထားရခြင်းဖြစ်သည်။
NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ သတ်မှတ်ထောက်ခံမဲမရရှိခြင်းက ရခိုင်ပြည်သူလူ ထုများအနေဖြင့် အမျိုးသား ရေးစိတ်ဓာတ်ဖြင့် ရခိုင်ပါတီများကို မဲပေးခဲ့သည့်အတွက်ကြောင့်ဖြစ်ကြောင်း သံ တွဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောသည်။
“သူတို့ (ပြည်သူတွေ) အမြင်ကလည်း NLD ပါတီဟာ ဗမာပါတီ ကိုယ့်လူမျိုးပါတီကိုပဲရွေးမယ်ဆိုတဲ့ အစွဲတွေလည်းရှိကြတဲ့အတွက်ကြောင့်အခက်အခဲဖြစ်တယ်” ဟု ၎င်းကပြောသည်။
ရခိုင်အခြေစိုက်ပါတီတစ်ခုဖြစ်သည့် ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ပါတီသည်လည်း ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ်ခြောက်ခုရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရရှိပေ။
“လူထုမထောက်ခံလို့ နည်းတာဖြစ်တယ်။ လူထုတွေက မဲမပေးကြလို့ဖြစ်တယ်။ လူထုက ပါတီကိုမကြိုက်၊ မဲမပေးရင် မရဘူးပေါ့” ဟု ALD ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ပြောသည်။